Home
ဆောင်းပါး
အီရန်-အမေရိကန် ပဋိပက္ခမှ မြန်မာအပေါ်ရိုက်ခတ်လာနိုင်မှု
DVB
·
March 4, 2026

အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲ စစ်ဆင်ရေးဖြင့် တီဟီရန်အပေါ် ဗုံးမိုးရွာခဲ့မှုအောက်တွင် အီရန် ဘာသာရေး ခေါင်းဆောင်ကြီး ခါမေနီသည် မပြန်လမ်းသို့ မြန်သွားရှာခဲ့ရပြီဟု အီရန်အစိုးရ သတင်းဌာနများက အတည်ပြုခဲ့မှုနှင့်အတူ အရှေ့အလယ်ပိုင်း အခြေအနေများသည် ဘယ်သောင် ဘယ်ကမ်း ဆိုက်မည်ဆိုသည်ကို မသိနိုင်သော သင်္ဘောပျက်တစီးလို မျောချင်ရာ မျောနေသည့် အခြေအနေ ဆိုက်ရောက်လာနေပြီ ဖြစ်သည်။

မြန်မာနှင့်ပတ်သက်၍ သက်ရောက်လာနိုင်မှုများကို အဓိကထား ဆွေးနွေးသွားပါမည်။

အီရန်၏ အဓိက မဟာမိတ်များ ဖြစ်သော ရုရှားနှင့် တရုတ်တို့ ဘာမျှ မတတ်နိုင်၊ လက်ပိုက်ကြည့်နေရသည့် အဖြစ်ကို ကြည့်၍ ၎င်းတို့နှင့်ပေါင်းပြီး တစင်ထောင်ရန် ကြံစည်နေသော နိုင်ငံများအဖို့ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒကို ပြန်လည် သုံးသပ်ရပေတော့မည်။

ထိုအထဲတွင် မြန်မာပြည်ရှိ စစ်အုပ်စုသည် ထိပ်ဆုံးက ပါလာနေပြီ ဖြစ်သည်။

ထရမ့်ပ်သည် အီရန်တွင် ဖြစ်ပျက်လာမှုများအတွက် ဘာမှ အစီအစဉ်မရှိ၊ လက်ရှိ ခေါင်းဆောင်ပိုင်း ပြုတ်ကျ ပျောက်ကွယ်သွားသည်နှင့် ဒီမိုကရေစီ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အမေရိကန်ကို မဆန့်ကျင်ဘဲ အလိုကျ ဖြစ်စေမည့် အစိုးရမျိုး ဖြစ်စေချင်သည်၊ ထိုမှတဆင့် ဟော်မုဒ်ရေလက်ကြားကို စွမ်းအင်ဆိုင်ရာ ထိန်းချုပ်မှုမျိုးဖြင့် ကမ္ဘာတဝန်း အပိုင်ချုပ်ကိုင်ထားနိုင်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်၊ ထိုမှတဆင့် ကမ္ဘာ့ရေနံတင်ပို့မှု လမ်းကြောင်းကို ထိန်းချုပ်နိုင်မှုနှင့်အတူ တရုတ်ကို အကျပ်ကိုင်နိုင်ရန် ဖြစ်သည်။

ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့မြေပုံပေါ်တွင် သေးငယ်သည့် ရေလက်ကြားလေးတခု ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေးနှင့်  နိုင်ငံရေးအတွက်တော့ “ကမ္ဘာ့သွေးပြန့်‌ကြောကြီး” ဟု တင်စားရလောက်အောင် အရေးပါနေသည်။

ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့ရာ လမ်းကြောင်း ဖြစ်နေခြင်း၊ ပထဝီဝင် အနေအထားအရ ထိန်းချုပ်ရ လွယ်ကူခြင်း (အကျဉ်းဆုံးနေရာဟာ ၂၁ မိုင် (၃၄ ကီလိုမီတာ) သာ ကျယ်ဝန်းပြီး သင်္ဘောများ သွားလာလို့ရသည့် လမ်းကြောင်းသည် ၂ မိုင် ပတ်ချာလည်သာ ရှိသည်။ တဖက်တွင် အီရန်နိုင်ငံ၊ တဖက်တွင် အိုမန်နိုင်ငံတို့ ရှိနေပြီး အီရန်သည် ထိုလမ်းကြောင်းကို အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

နောက်ထပ် အကြောင်းများသည်က သဘာဝဓာတ်ငွေ့ (LNG) အတွက် အချက်အချာ ဖြစ်နေခြင်းနှင့် အာရှနိုင်ငံများအတွက် အသက်‌သွေးကြောကြီးလည်း ဖြစ်နေသည်။ ထိုရေလမ်းကြောင်းကို ထိန်းချုပ်နိုင်မည်ဆိုက တရုတ်သည် မြေရှားသတ္တုဖြင့် မာန်တက်နေ၍ မရတော့။

မင်းအောင်လှိုင်သည် ၎င်းအား ပြည်တွင်း ပြည်ပမှ ရှိန်လာစေရန် တရုတ်၊ ရုရှားတို့ကို အဖေ ခေါ်‌နေမှုသည် အမေရိကန်တို့ မျက်စိ စပါးမွေး စစူးလာသည်နှင့်အမျှ ၎င်းပျက်သုဉ်းရာ ပျက်သုဉ်းကြောင်း ဖိတ်ခေါ်သလို ဖြစ်နေမည် ဆိုသည်ကို သ‌ဘောမပေါက်၊ ၎င်း၏ လုပ်ရပ်သည် အင်ဒို-ပစိဖိတ် ပါဝါ ညီမျှခြင်းကို ကပြောင်းကလဲ လုပ်ရန် စေခိုင်းခံနေရသည့် နယ်ရုပ်လေးသဖွယ် ဖြစ်လာနေသည်။

တရုတ်သည် နယ်စပ်ဒေသရှိ ၎င်း၏ လက်ပါးစေ ကိုးကန့်၊ တအာင်း၊ ‘ဝ’ တို့ကို အပိုင်ချုပ်ကိုင်ပေးထားပြီး၊ တဖက်တွင် မင်းအောင်လှိုင်က ၎င်းစိတ်ကြိုက် ရွေးကောက်ပွဲ လုပ်ကာ တရားဝင်အစိုးရအသွင် ချပြနိုင်ပါက ပြည်တွင်းရှိ ပြည်သူ့တော်လှန်ရေးသည် အလိုလို အားပျော့ကာ တဖြည်းဖြည်း မီးစာကုန် ရေခန်း ဖြစ်ပြီး ချုပ်ငြိမ်းသွားမည် ဆိုကာ ဟန်ချက်ညီညီ ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

တဖက်တွင်လည်း ကေအိုင်အေ၊ ကေအန်ယူ၊ အေအေ တို့နှင့် စစ်အုပ်စုအား ယခင်ကလို တိုက်မြဲတိုင်း ဆက်တိုက်စေပြီး အားပျော့နေစေရန် ကြံရွယ်ထားသည်။ ယခုအခါ ၎င်းတို့ ဆင်ထားသလို ဖြစ်မလာဘဲ တော်လှန်ရေးအင်အားစုများသည် ပို၍ပင် ညီညွတ်လာကြပြီ ဖြစ်သည်။

အီရန်သည် ၂၀၂၄ အောက်တိုဘာလမှ ၂၀၂၅ ဒီဇင်ဘာလအတွင်း လေယာဉ်ဆီ တန်ချိန် ၁၇၅,၀၀၀ တင်ပို့လာခဲ့သည်ဟု ရိုက်တာသတင်းဌာနက အတိအကျ လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့သည်။ ယခုအခါ စစ်အုပ်စုအား လေယာဉ်ဆီများ တင်ပို့ပေးနိုင်တော့မည် မဟုတ်သည့်အပြင် အရှေ့အလယ်ပိုင်းကနေ ထွက်သည့် ရေနံနှင့်  စက်သုံးဆီ သင်္ဘောများ သွားလာရ ခက်ခဲသွားမည် ဖြစ်သည်၊ ထို့အတွက် အာရှဒေသတွင်း ရေနံချက်စက်ရုံများ အဓိကရှိရာ  စင်ကာပူ၊ အိန္ဒိယ နိုင်ငံများထံ ရောက်ဖို့ နှောင့်နှေးသွားတော့မည် ဖြစ်သည်။ စစ်အုပ်စုမှ မှာယူထားသည့် လေယာဉ်ဆီ တင်သွင်းမှုမျာ အချိန်ကြန့်ကြာခြင်း သို့မဟုတ် လိုသလောက် မရတော့မည့်အပြင် ရနိုင်သ‌လောက်ကိုလည်း ဈေးအဆမတန် ပေးပြီး ဝယ်ယူရပေတော့မည်။

လက်ရှိတွင် ရေနံဈေးနှုန်း ရုတ်ခြည်း ခုန်တက်သွားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာပြီး အခြေခံစားသောက်ကုန်နှင့် သွင်းကုန်ဈေးနှုန်းများ ယခုထက် ပို၍ လိုက်တက်လာမည့်ဒဏ်ကို ခံကြရတော့မည် ဖြစ်သည်။ ငွေကြေးဈေးကွက်တွင်လည်း ဒေါ်လာဈေးနဲ့ ရွှေဈေး မတည်ငြိမ်မှုတွေ ပို၍ ဖြစ်လာနိုင်ခြေ ရှိနေသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သော ယူအေအီး၊ ကာတာ၊ ဂျော်ဒန်တို့တွင်  သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ထောင်ပေါင်းများစွာ ရှိနေ၍ ပဋိပက္ခသည် ဒေသတွင်း ကူးစက်ပြန့်ပွားလာရင် ထိုနိုင်ငံများရှိ မြန်မာလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်လာနိုင်ပေသည်။

မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၄ မိနစ်နှင့် ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်သည် မင်းတုန်းမြို့နယ် ပြောင်းရွာအနီး ပြည်သူများ ကုန်တင်ကုန်ချ ပြုလုပ်နေသော လူစုလူဝေးရှိသည့် နေရာကို မကွေးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးက ၈ ကြိမ် ဗုံးကြဲပြီး ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လူပေါင်း နှစ်ဒါဇင်ကျော်ထက်မနည်း သေဆုံးပြီး နှစ်ဆယ်ခန့် ဒဏ်ရာများ ရရှိသွားကြောင်းနှင့် ကုန်တင်ကုန်ချ လုပ်‌နေသည့် မော်တော်ယာဉ် ၁၄ စီး မီး‌လောင် ပျက်စီးသွားသည်ဟု တော်လှန်ရေးအဖွဲ့များနှင့် လွတ်လပ်သော ပြည်တွင်းသတင်းမီဒီယာများကို ကိုးကားပြီး AP သတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ကုန်စည်များ စီးဆင်းမှုကို ပိတ်ဆို့ရန် ရည်ရွယ်တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

စစ်အုပ်စုသည် ရှေ့လျောက် အီရန်ဘက်မှ လေယာဉ်ဆီ လာဖို့ အကြောင်းမရှိတော့၍ ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ရမည့် အကြိမ်အရေအတွက်ကို လျှော့ချခြင်း သို့မဟုတ်ကလည်း ငြိမ်းချမ်းရေး စကားဟလာခြင်းများ ဖြစ်လာနိုင်စရာ ရှိနေသည်။

အင်အား အလွန်အမင်းချည့်နဲ့သွားပြီ ဖြစ်သော အီရန်သည် အိမ်နီးချင်းနိုင်ငံများကို အရင်လို ခြိမ်းခြောက်တာ၊ ဗိုလ်ကျတာမျိုးတွေ လုပ်နိုင်တော့မှာ မဟုတ်တော့။ ဒေသတွင်းအပေါ် သက်ရောက်မှုသည်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတုန်းက အခြေအနေနှင့်  နှိုင်းယှဉ်လို့ ရနိုင်သည့် အတိုင်းအတာအထိ ရှိလာနိုင်သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက သုံးသပ်ထားသည်။

၎င်းတို့အတွက် ရေတိုတွင် အသာစီးရနေသော်လည်း ရေရှည် ရပ်တည်ဖို့က မည်သို့မျှ အခြေအနေ ပေးလာမည် မဟုတ်တော့ ဆိုသည်က အထင်အရှား တွေ့လာနေရပြီ ဖြစ်သည်။ မည်သို့မျှ ခန့်မှန်းရ ခက်လှ‌သော ထရမ့်ပ်၏ သက်တမ်း မြန်မြန်ကုန်ပါစေဟုသာ ဆုတောင်းနေကြပေတော့မည်။

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013