Home
နိုင်ငံတကာ
စပိန်နှင့် ကုန်သွယ်မှုအားလုံး ရပ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
March 4, 2026
Photo: Jonathan Ernst, Reuters

စပိန်နိုင်ငံနဲ့ ကုန်သွယ်မှုအားလုံး ဖြတ်တောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်ကို စစ်ပွဲဆင်နွှဲနေချိန်မှာ အမေရိကန်စစ်တပ် အခြေစိုက်နေရာခွင့်ပြုဖို့နဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မဲ့ ကိစ္စတွေမှာ စပိန်နိုင်ငံက ငြင်းဆိုထားတာတွေကြောင့် အခုလို ခြိမ်းခြောက်ခဲ့တာပါ။

စပိန်က အရမ်းဆိုးလွန်းတယ်လို့ ဂျာမနီအဓိပတိ မားဇ်နဲ့ အိမ်ဖြူတော်မှာ တွေ့ချိန် သတင်းထောက်တွေကို ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေးဝန်ကြီးကိုလည်း စပိန်နဲ့ ဆက်ဆံမှုအားလုံး ဖြတ်တောက်ဖို့ ထပ်မံပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ စပိန်နဲ့ ကုန်သွယ်မှုအားလုံး ဖြတ်တောက်သွားမှာပါ။ စပိန်နဲ့ ဘာကိစ္စမှ လုပ်ဖို့ ဆန္ဒမရှိပါဘူး” လို့ ထရမ့်ပ်က ပြောခဲ့တာပါ။

အမေရိကန်ဟာ ဆီသယ်ယာဉ် အပါအဝင် စစ်သင်္ဘော ၁၅ စင်းကို ‌နေရာရွှေ့ဖို့ စပိန်နိုင်ငံတောင်ပိုင်းရှိ နေရာတွေကို အသုံးပြုခွင့် မပေးဘူးလို့ စပိန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အရင်တုန်းကလည်း NATO အဖွဲ့ဟာ ကာကွယ်ရေးအတွက် GDP ၁၅ ရာခိုင်နှုန်း အသုံးပြုဖို့ လိုတယ်လို့ အမေရိကန်က ပြောခဲ့တာကို စပိန်နိုင်ငံက ငြင်းဆိုခဲ့ဖူးတာကို ထရမ့်ပ်က ထပ်ပြီး ညွှန်ပြခဲ့ပါသေးတယ်။

ဂျာမနီအဓိပတိ မားဇ်ကတော့ စပိန်နိုင်ငံကို ဥရောပနိုင်ငံစာရင်းကနေ ဖယ်ထုတ်မထားဖို့ ထရမ့်ပ်ကို သီးသန့် ပြောဆိုထားတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ စပိန်တို့ဟာ ၄ နှစ်ဆက်တိုက် ကုန်သွယ်မှု ပိုလျှံခဲ့ပြီး  ၂၀၂၅ ခုနှစ်မှာ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။

အမေရိကန်က စပိန်နိုင်ငံကို ၂၆ ဒသမ ၁ ဘီလီယံ ကုန်တင်ပို့ခဲ့ကာ စပိန်က အမေရိကန်ကို ၂၁ ဒသမ ၃ ဘီလီယံ ကုန်တင်ပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ စပိန်နိုင်ငံကို သန့်စင်ပြီး ဂက်စ်ဓာတ်ငွေ့တွေနဲ့ ရေနံတွေ တင်ပို့တာဖြစ်ပါတယ်။

စပိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သံလွင်ဆီတင်ပို့မှု အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး ကားပစ္စည်း အစိတ်အပိုင်း၊ သံနဲ့ ဓာတုပစ္စည်းတွေကို အမေရိကန်ကို တင်ပို့တာဖြစ်ပါတယ်။

ဒါပေမဲ့ စပိန်နိုင်ငံဟာ ထရမ့်ပ်ရဲ့ စီးပွားရေးပြစ်ဒဏ်ပေးမဲ့ ခြိမ်ခြောက်မှု ခံရတဲ့အချိန် တခြားဥရောပနိုင်ငံတွေလို  အားနည်းချက် သိပ်မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013