Home
နိုင်ငံတကာ
အီရန်ကို အမေရိကန်က ဝင်တိုက်ရသည့်အကြောင်းပြချက် ထရမ့်ပ်နှင့် ရူဘီအိုတို့ကြား ကွဲလွဲ 
DVB
·
March 4, 2026
Photo: REUTERS/JONATHAN ERNST/FILE PHOTO

အီရန်ကို ဝင်တိုက်ရတဲ့ အကြောင်းပြချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ကြားမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

အီရန်က အရင်စတိုက်မယ်လို့ ယူဆတာကြောင့် အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ပူးပေါင်းဖို့ အမေရိကန်တပ်တွေကို အမိန့်ပေးခဲ့တာဖြစ်ကြောင်း သမ္မတ ထရမ့်ပ်က မတ် ၃ ရက်မှာ ပြောပါတယ်။

မတ် ၂ ရက်တုန်းကတော့ အစ္စရေးက အီရန်ကိုတိုက်ဖို့ စီစဉ်ထားပြီးသားဖြစ်လို့ အီရန်ဘက်က လက်တုံ့ပြန်လာမှာကို စိုးရိမ်ပြီး ဝင်တိုက်ခဲ့တာဖြစ်ကြောင်း ရူဘီအိုက ပြောခဲ့ပါတယ်။

“အစ္စရေးက လှုပ်ရှားတော့မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီလိုဆိုရင် အမေရိကန်တပ်တွေကိုပါ တုံ့ပြန်တိုက်ခိုက်မှုမျိုး ဖြစ်လာမှာကိုလည်း ကျနော်တို့ သိထားပါတယ်။ သူတို့က အဲဒီလိုမတိုက်ခင် ကျုပ်တို့က လက်ဦးမှုမယူဘူးဆိုရင် ကျနော်တို့ဘက်က အသေအပျောက် ပိုများသွားနိုင်ပါတယ်။”

ထရမ့်ပ်ကတော့ အစ္စရေး တွန်းပို့လို့ အမေရိကန်က ဝင်ပါရတယ် ဆိုတဲ့အချက်ကို ငြင်းဆန်လိုက်ပါတယ်။

“ကျုပ်ကတောင် သူတို့ကို တွန်းပို့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအရူးတွေနဲ့ ကျုပ်တို့ ညှိနှိုင်းခဲ့ပါသေးတယ်။ ကျုပ်အမြင်တော့ သူတို့က စချတော့မှာပါ။ ကျုပ်တို့မလုပ်ဘူးဆိုရင် သူတို့ အရင်ချတော့မှာပါ” လို့ ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မားဇ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံချိန် သတင်းထောက်တွေကို ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက ခြယ်လှယ်နေတယ်ဆိုပြီး ကွန်ဆာဗေးတစ် ဝေဖန်ရေးသမားတွေကတော့ ထရမ့်ပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

လာမဲ့ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေချိန်ဖြစ်လို့ အိမ်ဖြူတော်ကတော့ ဒီကိစ္စကို အမြန်ထိန်းချုပ်ဖို့ ကြိုးစားနေရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က ဂျီနီဗာဆွေးနွေးပွဲမှာ အီရန်က ယူရေနီယံ သန့်စင်တာတွေ ရပ်တန့်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ထရမ့်ပ်က စစ်ရေးအရ အရေးယူဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ရှင်းလင်းထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013