Home
နိုင်ငံတကာ
အမေရိကန်နှင့် အစ္စရေးတို့ကို အစွမ်းကုန်တိုက်ခိုက်ရန် ကတိပြုထားဟု အီရန်ပြော
DVB
·
March 4, 2026
Photo: Majid Asgaripour/WANA (West Asia News Agency) via REUTERS

အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူတွေက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲမှာ အစွမ်းကုန်တိုက်ခိုက်ဖို့ ကတိပြုထားတယ်လို့  အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက မတ် ၃ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံတကာကို သူက တောင်းဆိုခဲ့ပါတယ်။

ဒီစစ်ပွဲဟာ အီရန်က ဆန္ဒအလျောက် ရွေးချယ်မှုမဟုတ်ဘဲ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ချမှတ်ခဲ့တာဖြစ်ပြီး အီရန်က ရှင်သန်ရပ်တည်ရေးနဲ့ ဂုဏ်သိက္ခာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သူက ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၈၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အီရန် လခြမ်းနီအဖွဲ့က ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၆ ယောက် စစ်ပွဲမှာ သေဆုံးပြီး အစ္စရေးမှာ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ NBC သတင်းဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်တောင်ပိုင်း ဘန်ဒါအဘတ်စ်ဆိပ်ကမ်းမြို့နဲ့ အနီးတဝိုက် ဒေသတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဘန်ဒါအဘတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ပင်လယ်ဆိပ်ကမ်းတွေကို ထိခိုက်ခဲ့ပါတယ်။

ဂျက်စ်နဲ့ ချာဘာဟာ အပါအဝင် အီရန်တောင်ပိုင်းက တခြားဆိပ်ကမ်းမြို့တွေကိုလည်း တိုက်ခိုက်ခဲ့ပြီး အီရန်တောင်ပိုင်းကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ဆက်သွယ်ထားတဲ့ ကူးတို့သင်္ဘောတွေ အကန့်အသတ်မရှိ ရပ်ဆိုင်းထားရပါတယ်။

တချိန်တည်းမှာ အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဘာရိန်းနိုင်ငံထဲက အမေရိကန် စစ်စခန်းအတွင်း အဓိကနေရာတွေကို ၁၅ ကြိမ်မြောက် ဒုံးကျည်တိုက်ခိုက်မှု အသေးစိတ်ကို အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေက အမေရိကန်လေကြောင်းကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာ၊ လေယာဉ်လောင်စာဆီ ဖြည့်တင်းရေးတိုင်ကီတွေနဲ့ အမေရိကန် အကြီးတန်းစစ်ဦးစီးချုပ်တွေရဲ့ အိမ်တွေကို ဖျက်ဆီးခဲ့တယ်လို့ IRGC က ပြောပါတယ်။

ကမ္ဘာ့ဈေးကွက်တွေတလျှောက် အချိန်ကြာကြာ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ ရေနံဈေးတက်ပြီး ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ လေယာဉ်ခရီးစဉ်တချို့ ပြန်စခဲ့ပေမဲ့ ရက်ပေါင်းများစွာ ခရီးစဉ်ဖျက်သိမ်းမှုတွေနဲ့ လေကြောင်းပိုင်နက်တွေကို ပိတ်ထားပြီးတဲ့နောက် ခရီးသွား ထောင်ပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013