
အစ္စရေးတပ်ဖွဲ့တွေက အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲကို မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေပြီး အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်က မတ် ၃ ရက်မှာ ပြောပါတယ်။
အစ္စရေးဟာ လက်ဘနွန်မြို့တော် ဘေရွတ်နဲ့ အီရန်မြို့တော် တီဟီရန်တို့ကိုလည်း လေကြောင်းကနေ အသစ်တကျော့ တိုက်ခိုက်ခဲ့ပါတယ်။
မကြာသေးခင်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ တီဟီရန်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတခုကြောင့် အီရန်စစ်တပ် IRGC ရဲ့ ပြည်ပစစ်ဆင်ရေးတပ်ဖွဲ့ လက်အောက်ခံ လက်ဘနွန်တပ်ဖွဲ့ရဲ့ ယာယီတပ်မှူး ဒါအွတ် အလီဇာဒါ သေဆုံးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သူဟာ အစ္စရေးကိုတိုက်ခိုက်ဖို့ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အဖွဲ့ ဟစ်ဇ်ဘိုလာကို မကြာသေးမီက တွန်းအားပေးခဲ့တယ်လို့လည်း ပြောပါတယ်။
တနင်္လာနေ့က ဟစ်ဇ်ဘိုလာတွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးဆီ ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တဲ့အချိန်ကစပြီး IDF က လက်ဘနွန်ကို အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
ဘေရွတ်မြို့ကို တိုက်ခိုက်နေတာကို ပြထားတဲ့ ဗီဒီယိုကို အစ္စရေးစစ်တပ်က မတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲတဲ့နေရာမှာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဆောက်အအုံတွေနဲ့ ဆိုလာပြားတွေရဲ့ အပြင်အဆင်က ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့အဖြစ် ဗီဒီယိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
Source: Reuters


