
အီရန်နိုင်ငံမြို့တော် တီဟီရန်နဲ့ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်တို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က မတ် ၃ ရက်မှာ အတည်ပြုပါတယ်။
အီရန်နဲ့ လက်ဘနွန်မှာ သေဆုံးသူအရေအတွက်ဟာ မတ် ၃ ရက် မြန်မာစံတော်ချိန်အရ နေ့လယ် ၂ နာရီဝန်းကျင်မှာ ၆၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။
အစ္စရေးနယ်စပ်က ရပ်ရွာတွေကို ပစ်ခတ်ခံရမဲ့ဘေးက ကာကွယ်ပေးဖို့ မြေပြင်တပ်တွေ ထိုးစစ်ဆင်ပြီး လက်ဘနွန်နိုင်ငံထဲက နောက်ထပ် မဟာဗျူဟာကျတဲ့ နေရာတွေကို ထိန်းချုပ်သွားမယ်လို့လည်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။
ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မှာရှိတဲ့ အမေရိကန်သံရုံးကို ဒရုန်း ၂ စင်း ထိမှန်ခဲ့ပေမဲ့ အသေးစားထိခိုက်မှုပဲ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘာရိန်းမှာရှိတဲ့ အမေရိကန်လေတပ်စခန်းက ကွပ်ကဲရေးစင်တာကို ဖျက်ဆီးလိုက်နိုင်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပေမဲ့ အမေရိကန်က မှတ်ချက်မပေးပါဘူး။
အီရန်အပေါ် အပြင်းထန်ဆုံး ထိုးနှက်မှုတွေ လာဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထပ်သတိပေးထားပါတယ်။
အီရန်က ပင်လယ်ကွေ့တလွှားက စွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေပြီး ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့စျေး ထိုးတက်နေပါတယ်။
ကာတာက နိုင်ငံပိုင်ရေနံကုမ္ပဏီရဲ့ အဆောက်အအုံ ၂ ခု ထိမှန်ခဲ့အပြီးမှာ သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းထားပါတယ်။
အီရန်က အစ္စရေးနိုင်ငံတဝန်းက ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။ အနောက်ဂျေရုစလင်၊ တဲလ်အဗစ်နဲ့ ဧလတ်မြို့တွေမှာ ဒုံးကျည်တွေ ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ အစ္စရေးစစ်ဘက်က ထုတ်ပြန်ပါတယ်။
အစ္စရေးမှာ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး မတ် ၃ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၁၀ ယောက်ထက်မနည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီအခြေအနေတွေဟာ မြန်မာစံတော်ချိန်အရ မတ် ၃ ရက် ညနေ ၃ နာရီဝန်းကျင်အထိ နောက်ဆုံး သိရသမျှဖြစ်ပြီး အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။


