Home
နိုင်ငံတကာ
အီရန်စစ်ပွဲက အဆုံးမရှိစစ်ပွဲ မဟုတ်ဟု အမေရိကန်နှင့် အစ္စရေး ပြော
DVB
·
March 3, 2026
Photo: Reuters

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်နေမှုဟာ အဆုံးမရှိတဲ့ စစ်ပွဲကြီးတခု ဖြစ်သွားလိမ့်မှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်တို့က မတ် ၂ ရက်မှာ အသီးသီး အတည်ပြု ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီစစ်ဟာ “အဆုံးမရှိစစ် မဟုတ်ဘဲ ငြိမ်းချမ်းရေးဆီ သွားရာ တံခါးပေါက်” လို့ Fox News ရဲ့ “Hannity” အစီအစဉ်မှာ ပြောပါတယ်။

စစ်ဆင်ရေးဟာ မြန်ဆန်ပြီး အဆုံးအဖြတ် ပေးနိုင်တယ်လို့ သူက ယုံကြည်ထားပြီး နှစ်ပေါင်းများစွာ ကြာမှာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် စစ်ဆင်ရေးစတင်တဲ့ ပထမဆုံး နာရီပိုင်းအတွင်းမှာတင် အီရန်ရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီကို လုပ်ကြံနိုင်ခဲ့ပြီးနောက်မှာ အီရန်အစိုးရ အပြောင်းအလဲဟာ ပြည်သူတွေအပေါ် မူတည်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီစစ်ပွဲပြီးရင် အစ္စရေးနဲ့ ဆော်ဒီအာရေဗျ အကြား ငြိမ်းချမ်းရေးကလည်း လက်တကမ်းအကွာကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ဘက်က ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ် ကလည်း “ဒါက အီရတ် မဟုတ်ဘူး၊ အဆုံးမရှိစစ်ပွဲ မဟုတ်ဘူး” လို့ ပြောပါတယ်။

“အမေရိကန်ကို သေပါစေလို့ ကြွေးကြော်ခဲ့တဲ့ အစိုးရဟာ အခုတော့ အမေရိကန်ဆီကနေ သေခြင်းတရားကို လက်ဆောင်ပြန်ရသွားပြီ” လို့လည်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အီရန်ရဲ့ ဒုံးကျည်စနစ်တွေ၊ ရေတပ်နဲ့ လုံခြုံရေး အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပြီး နျူကလီးယားလက်နက် မရရှိနိုင်အောင် တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အချိန်ယူရနိုင်ပြီး စစ်ဆင်ရေးမှာ အထိအခိုက် အကျအဆုံးတွေ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ကျဆုံးသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြေပြင်အခြေအနေမှာတော့ စစ်ဆင်ရေးက ၄ ရက်မြောက် ရောက်လာပြီဖြစ်ပြီး အစ္စရေး ကောင်းကင်ယံမှာ အီရန်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနေတာကြောင့် မီးခိုးတန်းတွေနဲ့ အချက်ပေး ဥသြသံတွေကို ဟိုင်ဖာနဲ့ တဲလ်အဗစ်မြို့တွေမှာ ကြားနေရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပြီး အီရန်ဘက်ကလည်း ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဒီစစ်ဆင်ရေးဟာ ရက်သတ္တပတ်အနည်းငယ် ထပ်ကြာနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ အီရန်ဘက်ကလည်း အမေရိကန်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်တုံ့ပြန်နေသလို လက်ဘနွန်ဘက်မှာလည်း ဟစ်ဇ်ဘိုလာတွေနဲ့ အစ္စရေးကြား တိုက်ပွဲတွေက ပိုပြီး ကျယ်ပြန့်လာနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013