
ကမ္ဘာ့သတင်းမျက်နှာစာမှာ အစ္စရေး၊ အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ပွဲနဲ့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားတဲ့ သတင်းတွေ အထူးတလည် ဖော်ပြနေကြပေမဲ့ စစ်ကောင်စီ ထိန်းချုပ်တဲ့ သတင်းစာတွေမှာတော့ ဖော်ပြတာမရှိဘဲ သတင်းအမှောင်ချထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဖြတ်တောက်ဖို့ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေမှာ ခေါင်းကြီးပိုင်းကနေ ပါဝင်နေပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်းအပြင် ပြည်တွင်း စက်ဆုံးဆီဈေးကွက်ကိုပါ ရိုက်ခတ်လာမှာဖြစ်လို့ မြန်မာပြည်သူတွေ စိတ်ဝင်စားကြရတဲ့ ဒီသတင်းတွေကို မြဝတီသတင်းစာ တခုတည်းမှာပဲ တရုတ်နဲ့ ရုရှားနိုင်ငံပိုင် သတင်းဌာတွေက သတင်းတိုတချို့ကို “နိုင်ငံတကာသတင်း ကောက်နုတ်ချက်” အနေနဲ့ ဘာသာပြန် ပြန်လည်တည်းဖြတ်ပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာတော့ မတ် ၃ ရက်အထိ အရှေ့အလယ်ပိုင်းက ပဋိပက္ခ သတင်းတွေအပြင် အီရန်ဘာသာရေးခေါင်းဆောင် သေဆုံးခဲ့တဲ့ သတင်းအများစုကို လုံးဝမဖော်ပြတာ တွေ့ရပါတယ်။
ဝါရင့်သတင်းစာဆရာတယောက်ဖြစ်တဲ့ ဦးမြင့်ကျော်က “ဒီဟာက စိတ်ဓာတ်ရေးရာ ဘယ်လိုခေါ်မလဲ၊ စိုးရိမ်မှုတွေ ရှိနိုင်တာပေါ့နော်။ ဆိုတော့ အဲဒီဟာကြောင့် ဒီသတင်းကို Highlight မလုပ်တာလို့ ကျနော်ကတော့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက အာဏာရှင်တွေကို ထောက်ခံတဲ့သူတွေကို စိတ်ဓာတ်ရေးရာ လျော့စေနိုင်တဲ့ အကြောင်းအရာတွေလို့ သူတို့ ယူဆတာကြောင့် ဒါမျိုးတွေကို မဖော်ပြတဲ့သဘောလို့ ကျနော်ကတော့ အဲလိုမြင်တာပေါ့နော်” လို့ ပြောပါတယ်။
တကယ်တော့ အီရန်နဲ့ မြန်မာစစ်ကောင်စီကြားမှာ ၂၀၂၁ ခုနှစ်ကတည်းက လေယာဉ်ဆီ၊ ရေနံနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာဖလှယ်မှုတွေ ရှိနေတာပါ။
ဒါ့အပြင် လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရီးယားတွေကိုလည်း အီရန်က မြန်မာနိုင်ငံဆီ တင်ပို့ပေးနေခဲ့ကြောင်း ရိုက်တာသတင်းဌာနဲ့ Justice for Myanmar လို အဖွဲ့အစည်းတွေက အထောက်အထားနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီလို အရေးပါတဲ့ မဟာမိတ်နိုင်ငံက အာဏာရှင်တွေ တိုက်ခိုက်ခံရတဲ့သတင်းမျိုး သတင်းစာထဲမှာ ပါမလာအောင် ပြန်ကြားရေးဝန်ကြီးရုံးကနေ တိုက်ရိုက် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ထိန်းချုပ်ထားတာလို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။
“ကျနော့် ယူဆချက်ကတော့ ဒီလိုပဲရှိတယ်။ ဘာလို့လဲဆိုတော့ ဘာသာပြန်တာနဲ့ ပတ်သက်ပြီးတော့ Reuters သတင်းလား AFP သတင်းလား သူတို့ ဘာသာပြန်ခွင့် ရှိပြီးသားပဲ။ ဒီလိုသတင်းမျိုးဆိုတာ တအားကို impact ဖြစ်တဲ့ သတင်းပေါ့၊ တအားကို ထိရောက်မှုရှိတဲ့ သတင်းမျိုးလေ။ တကမ္ဘာလုံးက စိတ်ဝင်စားတဲ့ သတင်းမျိုး။ ဒါမျိုးကို မြန်မာ့အလင်းတို့ ကြေးမုံတို့မှာ ပါမလာဘူး ဆိုတာက တစုံတရာက ဒီသတင်းကို ဘာသာမပြန်ပါနဲ့ဆိုတဲ့ ညွှန်ကြားချက်မျိုး၊ ဒီ အီရန်နဲ့ ပတ်သက်တဲ့ဟာတွေကို မထုတ်ပါနဲ့ဆိုတဲ့ ညွှန်ကြားချက်မျိုး ရောက်လာလို့ ရပ်ထားတာပဲ ဖြစ်လိမ့်မယ်ပေါ့နော်။”
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစတင်တဲ့ အစ္စရေးနဲ့ အမေရိကန်တို့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အပါအဝင် ထိပ်တန်းခေါင်းဆောင် ၄၈ ယောက် သေဆုံးခဲ့ပါတယ်။
မြန်မာပြည်သူတွေ စိတ်ဝင်စားနေတဲ့ အခုလို သတင်းမျိုးတွေကို စစ်ကောင်စီရဲ့ နိုင်ငံပိုင် သတင်းစာတွေက အထူးတလည် မဖော်ပြဘဲ သတင်းအချက်အလက် သိပိုင်ခွင့်ထက် သူတို့ရဲ့ ဝါဒဖြန့်ယန္တရားတခုအနေနဲ့ပဲ အသုံးချနေတာပါ။
စစ်တပ်ဟာ သူတို့နဲ့ပတ်သက်နေတဲ့ အာဏာရှင်တွေ အရေးနိမ့်တဲ့သတင်းမျိုးဟာ သူတို့ရဲ့ ရပ်တည်မှုကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတာကြောင့် အခုလိုမျိုး သတင်းအမှောင်ချဖို့ ကြိုးပမ်းနေတာလို့ လေ့လာသူတချို့က ယူဆနေကြတာဖြစ်ပါတယ်။
စိုးသူအောင်


