
မတ်လ ၂ ရက်မှာ စစ်ကောင်စီက အကျဉ်းသား ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ နေပြည်တော်မြို့တော်ဝန် NLD ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးအောင်၊ ရန်ကုန်တိုင်း လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့လည်း ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ)၊ အဂတိပုဒ်မတွေ အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။
လွတ်မြောက်လာတဲ့အထဲ ရန်ကုန်မြို့ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ စစ်ကောင်စီက ကားနဲ့တိုက်ကာ ဖြိုခွင်းဖမ်းဆီးရာမှာ ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၊ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းနဲ့ သူ့ကိုသွားတွေ့ဆုံရင်း ဖမ်းဆီးခံလိုက်ရတဲ့ အဒေါ်ဖြစ်သူ မနီမိုလှိုင် တို့လည်း လွတ်ငြိမ်းမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က “ဒီနေ့မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားခဲ့တဲ့ ကိုဇော်ဝင်းမောင်တို့ လွတ်တယ်၊ မနီမိုလှိုင်၊ လင်းလင်း တော်တော်များများ ပြန်လွတ်လာတယ်ဆိုတာ သိရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ကျေးဇူးတင်လား ဆိုရင်တော့ တစက်မှ ကျေးဇူးမတင်ဘူး။ လူတယောက်ကို ခြေတွေ လက်တွေ ဖြတ်ပြီးတော့မှ ခြေတု လက်တု လာပေးတာကို ကျေးဇူးတင်စရာမလိုဘူး။ ဒါမျိုးလွှတ်လိုက်ပါတယ်ဆိုတာ နိုင်ငံရေး အသုံးချခံတွေ ဖြစ်လာတယ်။ လူတွေအများကြီးတွေကိုတော့ လွှတ်ပေးလိုက်တယ်။ ကိုင်းဖျားကိုင်းနားတွေကို လွှတ်ပေးလိုက်တယ်။ ပင်မ ပင်စည်ကြီးကိုကျတော့ အခုထက်ထိ သူတို့ ထိန်းချုပ်ထားတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံမှာ ကျမတို့ရဲ့အစိုးရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် သူတို့တွေ ပြန်မလွတ်မချင်း ဒါဟာ စစ်မှန်တဲ့လွတ်မြောက်မှု မဟုတ်ဘူး။ တိုင်းပြည်ဟာ အခုထက်ထိ အကျဉ်းကျနေတုန်းပါ” လို့ ပြောပါတယ်။
လွတ်မြောက်လာသူတွေကို အသုတ်လိုက်ခွဲပြီး လွှတ်ပေးနေတာဖြစ်လို့ အင်းစိန်ထောင်ရှေ့မှာ လာရောက်ကြိုဆို စောင့်ဆိုင်းနေသူ အများအပြားလည်း ညနေပိုင်းအထိ ရှိနေဆဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က “သမီးက ၅၂(က) နဲ့ ကျတာ၊ စစ်ခုံရုံးက ချလိုက်တာ၊ ထောင်ဒဏ် ၇ နှစ် ချလိုက်တာ။ ပါမယ်လို့ မျှော်လင့်တယ်၊ ပါမယ်ဆိုလို့လည်း ဈေးရောင်းနေရင်း ဈေးဗန်းတွေတွန်းချပြီး အတင်းလာခဲ့တာ။ ရင်ထဲမှာ လှိုက်လှိုက်ပြီးဖြစ်နေတာ။ အိမ်ကလူတွေ ဘယ်သူ့မှတောင် မစောင့်ဘူး၊ တယောက်တည်းပဲ ထွက်လာလိုက်တာ။ လွတ်လာမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ဝမ်းသာတဲ့အကြောင်းကတော့ မပြောပြနိုင်အောင် ဝမ်းသာတာပေါ့။ ကျေးဇူးလည်းတင်ပါတယ်၊ ကိုယ့်သားသမီး အခုလို လွတ်လာမယ်ဆိုတော့” လို့ ပြောပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၂ (က) အရ ပြစ်မှုကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၇,၃၃၇ ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းပေးလိုက်ပြီး အဲဒီအမှုတွေနဲ့ တရားစွဲဆိုခံရကာ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၄၈၇ ယောက်ရဲ့ အမှုပေါင်း ၉,၅၃၂ မှုကိုလည်း ပိတ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ယောက်နဲ့ နိုင်ငံခြားသား ၁၀ ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းပေးတာဖြစ်လို့ စုစုပေါင်း ၁၀,၁၇၅ ယောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေတွေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေအရပြစ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြစ်မှုတွေကလွဲလို့ ကျန်ပြစ်မှုတခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ကျခံနေရသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လျှော့ပေါ့ပေးတာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော့်အနေနဲ့ မှန်းထားချက်ကတော့ မတ်လ တောင်သူလယ်သမားနေ့မှာ လွှတ်ပေးတယ် ဆိုတာထက် ဒါဟာ မတ်လမှာ ဖြစ်ပေါ်လာမဲ့ စစ်တပ်ဦးဆောင်မဲ့ အစိုးရသစ်ယန္တရားတရပ် ပေါ်ပေါက်လာမဲ့အချိန် ကြိုတင်ပြီးတော့ လူထုအမြင် ပြောင်းလဲဖို့ လုပ်တယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်။ ဆက်ပြီးမှ ကျန်ရှိနေကြဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရော ပြင်ပမှာရှိနေတဲ့ ပြည်သူလူထုအနေနဲ့ အကောင်းဆုံး တောင်းဆို တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်တယ် ဆိုတာကို ပျော်ရွှင်ခြင်းနဲ့အတူတူ လုပ်ရမဲ့တာဝန်တွေ ဆက်ရှိနေသေးတယ် ဆိုတာကို သတင်းစကားပါးချင်ပါတယ် ခင်ဗျ” လို့ ပြောပါတယ်။
နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျနေသူ ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပုဒ်မတွေဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြစ်မှုတွေ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက “ဒီနေ့ နိုင်ငံရေးအကျဉ်းသား ပုဒ်မ-၅၀(ည)၊ ၅၂(က) တွေ လွှတ်ပေးလို့ ဝမ်းသာရပါတယ်။ ကိုယ်နဲ့သိသူတွေပါလို့ ပိုလို့တောင် ဝမ်းသာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါသူတွေ၊ နိုင်ကျဉ်းတွေ အများကြီးလည်း ကျန်ပါသေးတယ်။ ရှေ့လာမဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပေါ်လာမယ်၊ နိုင်ငံသားတွေရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ဟောပြောစည်းရုံး ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာအသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်တွေ ပြန်ရမယ်၊ စစ်မက်ဖြစ်ပွားမှုကို လျှော့ကျနိုင်တဲ့ နိုင်ငံရေး မျှော်လင့်ချက်တွေ ရှင်သန်အသက်ဝင်လာမယ်၊ ပြည်သူလူထုရဲ့ စီးပွားရေး မွန်းကျပ်မှုတွေ ပြေလျော့လာမယ်၊ အရာရာ စိုးရိမ်ကြောက်ရွံ့ရတဲ့ အခြေအနေတွေက လွန်မြောက်လာမယ်၊ ပူပင်သောကတွေ နည်းလာမယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ပြည်သူလူထုအတွက် မဲ့ရာက တည်၊ တည်ရာက ပြုံး၊ ပြုံးရာက ရယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မျှော်လင့်ချက်တွေလည်း များသလို ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း များပါတယ်။ တထိုင်တည်းမဖြစ်နိုင်သေးဘူး ဆိုတာကိုလည်း နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထက်စာရင် မှိတ်တုပ်မှိတ်တုပ်ဖြစ်နေတဲ့ ကြယ်တွေကို မြင်နိုင်တဲ့ လသာတဲ့ညတွေကို ပိုမက်မောပါတယ်။ ညရှိမှတော့ နေ့လည်း ရောက်ရမှာပေါ့” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။
မတ်လ ၂ ရက် ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသားတွေထဲမှာ လက်ရှိအချိန်အထိ ကနဦး အတည်ပြုနိုင်သလောက် နိုင်ငံတဝန်း အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂၄ ယောက် လွတ်မြောက်လာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
ဝေဝေ


