
ဘဏ်တွေက ငွေသားကို အကန့်အသတ်နဲ့သာ ထုတ်ပေးနေမှုကြောင့် ဧရာဝတီတိုင်းက ငွေလွှဲ၊ ငွေထုတ်ဆိုင်တွေမှာ ငွေထုတ်ယူခနှုန်းထားတွေ ပြန်လည်မြင့်တက်လာပြီး ငွေကျပ် တသိန်း ထုတ်ယူပါက ငွေကျပ် ၄,၀၀၀ အထိ ထုတ်ခပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငွေလွှဲ ငွေထုတ်ဆိုင်တွေမှာ ဘဏ်တွေက ငွေထုတ်ယူတာကို မကန့်သတ်တဲ့အချိန် ဇန်နဝါရီလအတွင်းက ငွေကျပ်တသိန်း ထုတ်ယူပါက ကျပ် ၁,၀၀၀ သတ်မှတ်ကောက်ယူနေရာက ဘဏ်တွေက ငွေသားထုတ်ယူမှု ကန့်သတ်ချက် ထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ တတိယအပတ်မှ မတ် ၂ ရက်အထိ ငွေကျပ်တသိန်း ထုတ်ယူပါက ထုတ်ခ ကျပ် ၄,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့နယ် ဒေသခံ အမျိုးသမီးတယောက်က “ခေတ်ပျက်မှာ ချမ်းသာချင်နေကြတာ။ ပြီးခဲ့တဲ့ရက်တွေကပဲ တသိန်းထုတ်ခ ၁,၀၀၀ ပေးရတယ်။ အခု ငွေတသိန်းထုတ်ရင် ၄,၀၀၀ ပေးရတဲ့အထိ နေ့ချင်းညချင်း ဖြစ်သွားတယ်။ အဲဒီလောက်တောင် ဖြစ်သွားတာလားလို့ မေးကြည့်တယ်။ ဘဏ်တွေမှာ အခု ငွေသားထုတ်ယူရတာ ခက်ခဲတယ်။ ငွေလိုသလောက်မရဘူး ဆိုပြီး ပြောတယ်။ ဒါ့ကြောင့် ငွေတသိန်းကို ၄,၀၀၀ ကောက်တာလို့ ငွေထုတ်ပေးသူတွေဆီက ကြားခဲ့ရတယ်” လို့ ပြောပါတယ်။
အခုလို ငွေလွှဲ ငွေထုတ်ဆိုင်တွေမှာ ငွေထုတ်ယူခနှုန်းထား တိုးမြှင့်တောင်းခံနေတာဟာ ဘဏ်တွေဘက်က ငွေသားကို အကန့်အသတ်နဲ့သာ ထုတ်ပေးတာကြောင့် ပြင်ပငွေနဲ့ လှည့်ပတ် လုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက် ရုတ်တရက် ဈေးမြင့်တက်သွားရတာလို့ ငွေလွှဲ ငွေထုတ် လုပ်ကိုင်သူတွက ဆိုပါတယ်။
ပုသိမ်မြို့နယ်က ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တယောက်က “ပြီးခဲ့တဲ့ရက်က ရက်ရှည် ဘဏ်ပိတ်ရက်တွေလည်း ရှိခဲ့တယ်။ ဘဏ်ပြန်ဖွင့်တော့ ကန့်သတ်ချက်တွေနဲ့ ထုတ်ရတယ်။ ငွေသားထုတ်ယူသူက များတယ်။ ငွေလိုအပ်ချက် များတယ်။ အကောင့်ထဲကငွေက ချက်ချင်းထုတ်မရဘူး ဖြစ်တယ်။ ကိုယ့်ရှိတဲ့ငွေသားနဲ့ လှည့်ပတ်လုပ်ပေးနေတာ။ သွားပြန်ထုတ်တော့ နည်းနည်းချင်း ထုတ်ယူနေရတာ” လို့ ပြောပါတယ်။
လာမဲ့ သင်္ကြန်အကြိုကာလတွေမှာ ငွေထုတ်တဲ့သူတွေ ပိုမိုများပြားလာနိုင်ပြီး ဘဏ်တွေက ပိတ်ရက်ရှိတဲ့အပြင် ငွေသားထုတ်ယူမှုတွေ ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာ၊ ချောင်းသာ၊ သာပေါင်း၊ ကြံခင်း စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေရှိတာကြောင့် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေပါ မကြာခဏ ပြတ်တောက်မှု ဖြစ်ပေါ်နေတဲ့အတွက် ငွေလွှဲ ငွေထုတ် လုပ်ရာမှာလည်း အရင်လို ပုံမှန် ငွေလွှဲ ငွေထုတ် လုပ်မရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။


