Home
မြန်မာသတင်း
စစ်ကောင်စီ ပေးသည့် လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားသည့်အမှုများ မပါဝင်
DVB
·
March 2, 2026

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ဒီကနေ့ မတ် ၂ ရက်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျနေသူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပုဒ်မတွေ မပါဝင်တာကို တွေ့ရပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့  ၅၂(က) အရ ပြစ်မှုကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၇,၃၃၇ ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်း ပေးလိုက်ပြီး အဲဒီအမှုတွေနဲ့ ‌တရားစွဲဆိုခံရကာ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၄၈၇ ယောက်ရဲ့ အမှုပေါင်း ၉,၅၃၂ မှုကို ပိတ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပုဒ်မတွေဖြစ်တဲ့ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုတွေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအရ ဥပဒေပြစ်မှုတွေ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူသတ်မှု၊ မုဒိမ်းမှု‌၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေများ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြစ်မှုများမှာအပ ကျန်ပြစ်မှုတခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ကျခံနေရသူတွေရဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လျှော့ပေါ့ပေးတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက “ကျနော့်အမြင်ကတော့ တောင်သူလယ်သမားနေ့ ဆိုတာထက် မတ်လမှာ ဖြစ်ပေါ်လာမဲ့ စစ်တပ်ဦးဆောင်မဲ့ အစိုးရသစ်ယန္တရားတရပ် ပေါ်ပေါက်လာမဲ့အချိန် ကြိုတင်ပြီးတော့ လူထုအမြင်ပြောင်းလဲဖို့ လုပ်တယ်လို့ မြင်တယ်။ ခြောက်ပုံတပုံဆိုတာက ကျန်ရှိနေတဲ့ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံဖြစ်ပါတယ်။ ဒါက ရိုးရိုးပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ကျန်ကာလရဲ့ ခြောက်ပုံတပုံ ဖြစ်တဲ့အတွက် အနည်းစုပဲ ရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကျန်တာ ၆ ရက်ဆို တရက်ပဲ လျော့ပြီး ကျန်တဲ့ ၅ ရက် နေရဦးမဲ့ သဘောပါ” လို့ ပြောပါတယ်။

လာမဲ့ရက်ပိုင်းအတွင်းမှာ စစ်တပ်ဦးဆောင်တဲ့ လွှတ်တော်တရပ် ပေါ်ပေါက်လာမှာဖြစ်ပြီး မကြာခင်အချိန်မှာ တပါတီကြီးစိုးတဲ့ အစိုးရတခုလည်း စစ်ကောင်စီက ပုံဖော်တော့မှာ ဖြစ်ပါတယ်။

ဒီကာလတွေမှာ လူထုအမြင် ပြောင်းလဲဖို့ လူထုခေါင်းဆောင်တွေကို လွှတ်ပေးတာ၊ လျော့ပေါ့ပေးတာတွေ လုပ်လာနိုင်ဖွယ်ရှိကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“စစ်တပ်ဦးဆောင်တဲ့ အစိုးရတရပ် ပေါ်လာတဲ့အချိန်မှာ လူသိများတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်ပေးတာ၊ အထူးသဖြင့် သမ္မတကြီးဦးဝင်းမြင့်ကို လွှတ်ပေးတာမျိုး ကြုံရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကို လျှော့ရက်တွေ အများကြီး ပေးတာမျိုးတွေ ကြုံရလာနိုင်ပါတယ်။ ဒါကတော့ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားရတာ ဖြစ်ပါတယ်။

မတ်လ ၂ ရက် လွတ်ငြိမ်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့  ၅၂(က) အရ ပြစ်မှုကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၇,၃၃၇ ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းပေးလိုက်ပြီး နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းပေးလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသား ပြစ်ဒဏ်ကျခံနေရသူ ၁၀ ယောက်ကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းခွင့်အားလုံးမှာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ကျန်ရှိတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် ထည့်သွင်း ဖော်ပြထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013