
မတ်လ ၂ ရက် ဒီကနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့နဲ့ တပေါင်းလပြည့်နေ့မှာ အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၂(က) အရ စွဲဆိုပြစ်ဒဏ်ချထားတဲ့ အကျဉ်းသား ၇,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူ ၁၂,၄၈၇ ယောက်ရဲ့ တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉,၅၃၂ မှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပိတ်သိမ်းတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေများ၊ မတရားအသင်းအက်ဥပဒေတို့နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေမှ အပ တခြားသော ကျန်ရှိနေတဲ့ ပြစ်မှု ပြစ်ဒဏ်တွေရဲ့ ခြောက်ပုံ တပုံကို လျှော့ပေါ့ပေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြစ်ဒဏ်လျှော့ပေါ့ဖို့ ချန်လှပ်ထားတဲ့ ပုဒ်မတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အများဆုံးစွဲဆိုထားတဲ့ ပုဒ်မတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။
အခုလွတ်ငြိမ်းခွင့်ရရှိသူတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အရင်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း ရန်ကုန် အင်းစိန်ထောင်ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ပြန်လည်လွတ်မြောက်လာနေပြီး နောက်ဆက်တွဲစာရင်းကို စောင့်ကြည့် ထုတ်ပြန်သွားမယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောထားပါတယ်။


