
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲလုပ်ပြီးနောက် အရပ်သားအစိုးရဆီ အာဏာလွှဲပေးသယောင် ဟန်ပြချင်နေပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်း မရှိသလို တရားမျှတမှုလည်း ဗလာနတ္တိပါ။ ဒီလို ဟန်ပြလုပ်ရပ်မျိုးကို လုံးဝလက်သင့်ခံလို့ မရပါဘူး။
အာဏာသိမ်းပြီး ၅ နှစ်အကြာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပါတီက အပြတ်အသတ် နိုင်သွားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်တပ်အတွက် ကြိုဖယ်ပေးထားတဲ့ နေရာတွေပါ ပေါင်းလိုက်ရင် လွှတ်တော်နေရာ ၈၆ ရာခိုင်နှုန်းကို သူတို့ပါတီက ရသွားတာဖြစ်ပါတယ်။ ဒီလွှတ်တော်ကို လာမဲ့ မတ်လမှာ စတင်ခေါ်ယူဖို့ ရှိနေပါတယ်။
ဒီအခါမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ပဲ သမ္မတဖြစ်လာဖို့ ရှိနေပါတယ်။ တဖက်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ အာဏာဖယ်ရှားခံရရုံတင်မကဘဲ ပါတီပါ ဖျက်သိမ်းခံလိုက်ရပါတယ်။
ပြည်သူတွေကို ဖိနှိပ်နေတာတွေကလည်း အခုထိ မရပ်သေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ မှတ်တမ်းတွေအရဆိုရင် လူ ၇,၈၀၀ နီးပါး အသတ်ခံခဲ့ရပြီး နောက်ထပ် လူ ၂၀,၀၀၀ ကျော်လည်း ဖမ်းဆီးခံထားရဆဲပါပဲ။ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်မီးကလည်း ဆက်လက် တောက်လောင်နေတုန်းပါပဲ။
မဲဆွယ်ကာလအတွင်းမှာဆိုရင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ၄၀၀ ကျော်တောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့် အရပ်သား ၁၇၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်။ တချို့နေရာတွေမှာကျတော့ တရားဥပဒေစိုးမိုးမှုမရှိလို့ မဲပေးတာတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီအတွက် လွှတ်တော်နေရာ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်က လစ်လပ်နေပါတယ်။
စစ်တပ်ဟာ ပြည်သူတွေကို အတင်းအကျပ် မဲပေးခိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။
အကြမ်းဖက်နည်းလမ်းတွေသုံးပြီး သူတို့အာဏာကို ပိုခိုင်မာအောင် လုပ်နေတာလို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒအစစ်အမှန် လုံးဝမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒီလိုအခြေအနေမှာတောင် စစ်တပ်က ဂရုမစိုက်ဘဲ ခေါင်းမာမာနဲ့ ဆက်လုပ်နေတာပါ။ အဓိကအကြောင်းအရင်းကတော့ တရုတ်နဲ့ ရုရှားရဲ့ ကျောထောက်နောက်ခံ ရှိနေလို့ပါပဲ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုရင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပနိုင်ခဲ့ပြီး မဲဆန္ဒရှင်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်ဆိုပြီးတော့တောင် ထောက်ခံကြောင်း ကြေညာခဲ့ပါသေးတယ်။ ဒါဟာ အမှားကို အမှန်လုပ်ပြီး ဇွတ်ပြောနေတဲ့ ယုတ္တိမတန်တဲ့စကားပါပဲ။
တခြားတဖက်မှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်မယ်လို့ အာဆီယံကို ကတိပေးထားပေမဲ့ အခုထိ လျစ်လျူရှုထားတုန်းပါပဲ။
သူတို့မှာ အာဏာဆက်ယူထားဖို့ တရားဝင်မှုမရှိဘူးဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီအနေနဲ့ လေးလေးနက်နက် လက်ခံသင့်နေပါပြီ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရပါမယ်။
အခုအချိန်မှာ အစိုးရိမ်ရဆုံးကတော့ နိုင်ငံတကာ၊ အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာ့အရေးကို စိတ်ဝင်စားမှု လျော့ကျလာတာပါပဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း သူတို့အနောက်ဘက်ခြမ်းကိုပဲ သံတမန်ရေးအရ ပိုအာရုံစိုက်လာပါတယ်။
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကိုပါ ဖျက်သိမ်းလိုက်တဲ့အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားတွေအတွက် အကူအညီတွေ ရပ်တန့်သွားခဲ့ရပါတယ်။
ဂျပန်နိုင်ငံကတော့ မြန်မာနဲ့ သမိုင်းကြောင်းအရ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးကိုလည်း အစဉ်တစိုက် ထောက်ခံအားပေးခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို ဂျပန်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပြဖို့ လိုပါတယ်။
မြန်မာပြည်သူတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ သူတို့အတွက် တကယ်အကျိုးရှိမဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ကိုလည်း ဂရုတစိုက် ရှာဖွေလုပ်ဆောင်သွားရပါမယ်။
အဆာဟိရှင်ဘွန်း
Ref: The Asahi Shimbun


