
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပိတ်သိမ်းဖို့ရှိပြီး ကျောင်းသားတွေကို သတ်မှတ်စည်းကမ်းနဲ့မညီဘဲ စာမေးပွဲ ဖြေဆိုခွင့်ပြုခဲ့တဲ့ စစ်ကိုင်းခရိုင်ပညာရေးမှူးကိုလည်း စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နဲ့ Grade-9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပနေတာမှာ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်နေတဲ့ Grade-5 ကျောင်းသား ကျောင်းသူ ၇၂ ယောက်နဲ့ Grade-9 ကျောင်းသား၊ ကျောင်းသူ ၈၉ ယောက် စုစုပေါင်း ၁၆၁ ယောက်ဟာ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေရှိပေမဲ့ စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာမှာ ဖြေဆိုခွင့်မရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ဒီကျောင်းသားတွေဟာ ကျောင်းအပ်နှံစာရင်းမှာ မပါဝင်တာ၊ အဲဒီကျောင်းက လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလအထိ) တင်ပြထားတဲ့ ကျောင်းသား လချုပ်စာရင်းမှာ မပါဝင်တာ၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း (သွင်းစာရင်း)မှာလည်း မပါဝင်တာ တွေ့ရတယ်လို့ ပညာရေးဌာနကဆိုပါတယ်။
ဒါ့အပြင် ကျောင်းကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးချိန်မှာလည်း ဖော်ပြထားတဲ့ ကျောင်းသားတွေဟာ အမှန်တကယ် ကျောင်းတက်တာ မရှိခဲ့သလို၊ အခန်းဆုံးနဲ့ နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း ၃ ကြိမ် ဖြေဆိုထားတဲ့ အထောက်အထားတွေလည်း မရှိတာကြောင့် မူဝါဒအရ စာမေးပွဲ ဖြေဆိုခွင့် မရနိုင်တာကို သိရှိထားပေမဲ့ ဖြေဆိုခွင့် ကတ်ပြားတွေကို ရယူခဲ့တာလို့လည်း သိရပါတယ်။
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ပုဂ္ဂလိကပညာရေးဥပဒေအရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစတင် ပိတ်သိမ်းဖို့ ဇန်နဝါရီ ၆ ရက်က ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ကျောင်းသားတွေကို ဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း စစ်ကိုင်းခရိုင်ပညာရေးမှူး ဦးရဲထွဋ်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနဲ့ အညီ စိစစ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ်တွေ ရရှိပြီးမှ သက်ဆိုင်ရာကျောင်းတွေက ဖြေဆိုခွင့်မပေးတာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတယောက်က “ကျောင်းတနှစ် ထားရဖို့ မိဘတွေ ဘယ်လောက် ရုန်းကန်ရလဲ၊ ချေးငှားပေါင်နှံပြီး ထားရတဲ့ မိဘတွေမှ အများကြီး ပဋိပက္ခတွေကြားထဲက ကျောင်းတက်ရတဲ့ ကလေးတွေရဲ့ဒုက္ခနဲ့ အားထုတ်မှု ခုံနံပါတ်တွေ ဖြေရမဲ့ကျောင်းတွေ ထွက်ပြီး သွားဖြေမှ ကလေးတွေကို ဖြေဆိုခွင့်မပေးဘူး ဆိုတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကလေးတွေအတွက် ငဲ့ညှာသနားပေးပါလို့ တောင်းဆိုချင်တယ်။ ဆုံးဖြတ်ချက်တခုက လွယ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နောက်မှာ စိတ်ဒဏ်ရာရသွားမဲ့ ကလေးတွေရဲ့ ဘဝတွေက အများကြီးပါ” လို့ DVB ကို ပြောပါတယ်။
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းဘက်ကတော့ အဆိုပါ ကျောင်းသားကျောင်းသူ ၁၆၀ ကျော်ကို ဖြေဆိုခွင့်ပေးရန် အသနားခံစာခဲ့ပေမဲ့ ပညာရေးဝန်ကြီးဌာနက လုံးဝ ခွင့်မပြုကြောင်း ကျောင်းနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ကလေးတွေ အခုထိ စာမေးပွဲမဖြေရဘူး။ စာမေးပွဲဖြေဆိုခွင့်ပေးခဲ့တဲ့ စစ်ကိုင်းခရိုင် ပညာရေးမှူးကိုလည်း စစ်ဆေးနေတယ်။ လာမဲ့ပညာသင်နှစ်မှာ ကျောင်းကို ပိတ်သိမ်းဖို့ စစ်တပ်ဘက်က ဆုံးဖြတ်လိုက်တယ်။”
လတ်တလောမှာ စစ်ကိုင်းခရိုင်ပညာရေးမှူး ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“စစ်ကိုင်းမြို့ဆိုတာ စစ်ဖြစ်တဲ့နေရာဆိုတော့ စစ်ရှောင်နေရလို့ ကျောင်းပုံမှန် မတက်နိုင်တဲ့သူတွေလည်း ရှိတယ်။ အဲဒါတွေ တွေးပြီး ခရိုင်ပညာရေးမှူးက ခွင့်ပြုပေးတာကို ငွေရလို့ ဖြေဆိုခွင့်ပေးတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးတာ။”
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အမှန်တကယ် တက်ရောက်ပြီး စာရင်းသွင်းထားတဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ မနစ်နာစေဖို့ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုထားပါတယ်။
အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ၂ ကြိမ်နဲ့ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း ၁ ကြိမ် ဖြေဆိုထားတဲ့ Grade-5 ကျောင်းသား၊ ကျောင်းသူ ၄၀ ယောက်နဲ့ Grade-9 ကျောင်းသား ကျောင်းသူ အယောက် ၄၀၊ စုစုပေါင်း အယောက် ၈၀ ကိုသာ လက်ရှိ ကျင်းပနေတဲ့ နှစ်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်းကို ဖြေဆိုခွင့်ပြုထားတယ်လို့ ပညာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။


