
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်လိုက်တာကြောင့် လုပ်ငန်းလည်ပတ်ရေးမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဘဏ်တွေကနေ နေ့စဉ်နဲ့ အပတ်စဉ် ငွေသားထုတ်ယူခွင့် ပမာဏတွေကို ကန့်သတ်ထားတာကြောင့် ကုန်ကြမ်းဝယ်ယူတာ၊ ဝန်ထမ်းလစာ ပေးချေတာနဲ့ ကုန်ပစ္စည်းဖြန့်ချိရေး လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တယောက်က “ဘဏ်ထဲမှာတော့ ငွေရှိတယ်၊ ဒါပေမဲ့ အလွယ်တကူ ထုတ်လို့မရဘူး။ ငွေကြေးစီးဆင်းမှုက မလည်ပတ်တော့ဘူး၊ အရမ်းအခက်အခဲဖြစ်ရတယ်။ ကုန်ကြမ်းတွေမှာပြီး ငွေရှင်းဖို့ဆိုရင် တော်တော်နဲ့ထုတ်မရဘူး။ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်တာတောင် ဒုက္ခရောက်ရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဒေါ်လာ၊ ရွှေ အပါအဝင် ဈေးကစားတဲ့ ဈေးကွက်တွေအတွင်းကို ကျပ်ငွေထုတ်ယူ ရင်းနှီးမြှုပ်နှံတာကို အားမပေးကြောင်း ပြောဆိုပြီး ငွေသားထုတ်ယူမှုတွေကို ထိန်းချုပ်နေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်ခဲ့တဲ့ ကုန်သည်တွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခုမှာ ပြောဆိုပြီးနောက်ပိုင်း ငွေသားထုတ်ယူမှုတွေ ခက်ခဲလာတာ ဖြစ်ပါတယ်။
ငွေသားလည်ပတ်မှု လျော့နည်းလာတာဟာ ဈေးကွက်အတွင်း ဝယ်လိုအားနဲ့ ရောင်းလိုအား မညီမျှမှုတွေကို ဖြစ်စေနိုင်ပြီး ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။
ဒါ့အပြင် ဘဏ်တွေမှာ ငွေသားထုတ်ယူမှု ကန့်သတ်လာတာတွေကြောင့် Kpay၊ Wave pay၊ CB Pay အစရှိတဲ့ ငွေလဲအေးဂျင့်တွေမှာလည်း ရာခိုင်နှုန်း တိုးမြင့်လာတာတွေ ရှိတယ်လို့ သိရပါတယ်။


