
စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြီးစီးသွားပြီးနောက် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို မတ်လ တတိယအပတ်အတွင်း စတင် ခေါ်ယူကျင်းပမယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲအဖြစ် ပြည်တွင်းနဲ့ နိုင်ငံတကာက ရှုမြင်သုံးသပ်နေကြပေမဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို မဲမသမာမှုမလုပ်ခဲ့ဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် လွှတ်တော်ခေါ်မယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့၊ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကို မတ်လ ၂၀ ရက်နေ့တို့မှာ အသီးသီး ခေါ်ယူကျင်းပသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်တက်ဖို့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဆီကို ဖိတ်စာတွေ ပေးပို့ထားကြောင်းနဲ့ ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နေပြည်တော်ရောက်ရှိကြောင်းကို စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်မဲ့ ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ကို သတင်းပို့ရမယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီမှာ နေထိုင်မဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကြံ့ခိုင်ရေးပါတီဌာနချုပ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်မဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်ရေးရာဆောင် အိုင်(1) နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအတွက် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း(ရွာတော်) တို့မှာ သတင်းပေးပို့ကြရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲတွေမှာ စစ်တပ်လက်အောက်ခံ စစ်ယူနီဖောင်းချွတ်တွေနဲ့ အများဆုံးဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၇၃၉ ယောက်၊ အလားတူ စစ်တပ်အငြိမ်းစားတွေ ပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ယောက်တို့နဲ့ ကိုယ်စားလှယ်ဦးရေ အများဆုံး အနိုင်ရခဲ့ပါတယ်။
ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၃၉ ယောက်၊ ပြည်သူ့ပါတီ (PP) က အယောက် ၃၀၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက အယောက် ၂၀ ရွေးကောက်ခံရတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရ ထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


