
မြစ်ဆုံစီမံကိန်းဟာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ကြာမြင့်မှာဖြစ်ပြီး ကြိုတင်ဆောင်ရွက်မှသာ အနာဂတ်အတွက် စွမ်းအင်ဖူလုံမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နဲ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အောင်စန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာပြုလုပ်ခဲ့တဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ဦးတင်အောင်စန်းက ပြောတာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကနေရရှိတဲ့ လျှပ်စစ်ဓာတ်အားကို ပြည်နယ်အတွင်း သုံးစွဲပြီး ပိုတဲ့ဓာတ်အားကို ပြည်မနဲ့ တခြားပြည်နယ်တွေအတွက် မျှဝေသုံးစွဲသွားမယ်လို့ စည်းရုံးပြောဆိုပါတယ်။
စီမံကိန်းအောင်မြင်ရေးအတွက် ဒေသခံတွေရဲ့ ထောက်ခံအားပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေလို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြဖို့ လိုအပ်တယ်လို့လည်း ဦးတင်အောင်စန်းက ပြောပါတယ်။
ဆည်ကို မြေငလျင်ပြင်းအားပမာဏ ရစ်ချ်တာစကေး ၈ အထိ ဒဏ်ခံနိုင်အောင် တည်ဆောက်သွားမယ်လို့ဆိုပါတယ်။
၂၀၃၀ ပြည့်နှစ်အထိ ဖြစ်လာမဲ့ စက်တပ်ဆင်အား၊ ထုတ်လုပ်နိုင်မဲ့ ဓာတ်အားနဲ့ ထုတ်လုပ်ပေးရမဲ့ နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြစ်ဆုံစီမံကိန်းကို ဒေသခံတွေက ပြန်လည်လက်ခံပြီး ပူးပေါင်းဆောင်ရွက်ရင် လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ အဆိုပါပွဲမှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကလည်း ပြောပါတယ်။
စီမံကိန်းဧရိယာအတွင်းပါဝင်မဲ့ ဒေသခံပြည်သူတွေအတွက် နစ်နာကြေး၊ လျှော်ကြေး၊ ပြောင်းရွှေ့နေရာချထားရေးတို့ကိုလည်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေနဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေတို့နဲ့အညီ ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားနေတာဟာ ပြည်သူ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတာလို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းကောင်စီနဲ့ အဖွဲ့အစည်းတွေက ဇန်နဝါရီ ၂၀ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါ တယ်။
မြစ်ဆုံစီမံကိန်းတည်နေရာဟာ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးကပ်နေပြီး ဆည်ကျိုးပေါက်ပါက ဧရာဝတီမြစ်ကြောင်းတလျှောက် ပြည်သူသန်းပေါင်းများစွာအတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြစ်ဆုံဒေသကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားမှုကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရဲ့ တရားမဝင် စီမံကိန်းအကောင်အထည်ဖော်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ကြေညာထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း “မြစ်ဆုံကာကွယ်ရေးဟာ အမျိုးသားရေးတာဝန်” လို့ သတ်မှတ်ပြီး ဧရာဝတီမြစ်ကို ကာကွယ်ရာမှာ ဝိုင်းဝန်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။


