Home
မေးမြန်းခန်း
တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ၊ ICC နှင့် ICJ အကြောင်း- ဥပဒေပညာရှင် ဦးအောင်ထူးကို မေးမြန်းချက်
DVB
·
February 18, 2026

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လတ်တလော ဖြစ်ပွားနေတဲ့ အမှုအခင်းတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေရှုထောင့်ကနေပြီး ဖက်ဒရယ်ရေးရာကျွမ်းကျင်သူနဲ့ ဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်ထူးကို DVB သတင်းထောက် စိုးသူအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

အဓိက ဆွေးနွေးမဲ့ အချက် အချက် (၄) ချက် ရှိပါတယ်။

၁။ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ (Universal Jurisdiction) နဲ့ ဆက်စပ်တဲ့အမှုတွေ။

၂။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ။

၃။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာနေတဲ့ အမှုတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ။

၄။ အထက်ပါ (၃) ခုရဲ့ ဆက်စပ်မှု၊ အပြန်အလှန် အထောက်အပံ့ပေးမှုတွေအပေါ် အခြေခံပြီး မြန်မာစစ်တပ်နဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်စနစ်အပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲ ဆိုတဲ့ သုံးသပ်ချက်တွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ 

မေး - "တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ (Universal Jurisdiction) ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ပြစ်မှုကျူးလွန်သူတွေဟာ ကိုယ့်နိုင်ငံထဲမှာ မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဘယ်လိုနည်းနဲ့ တရားစွဲဆိုခံရနိုင်သလဲဆိုတာ သာဓကတွေနဲ့တကွ ရှင်းပြပေးပါခင်ဗျာ။"

ဖြေ - “Universal Jurisdiction လို့ခေါ်တဲ့ တလောကလုံး စီရင်ပိုင်ခွင့်အာဏာပါ။ စီရင်ပိုင်ခွင့် အာဏာ ဆိုတာက တရားရုံးတွေရဲ့ လုပ်ပိုင်ခွင့်ကို ပြောတာ။ ဘယ်နိုင်ငံမှာမဆို နိုင်ငံတိုင်းမှာ တရားရုံးတွေမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီလုပ်ပိုင်ခွင့်တွေနဲ့အညီ ဆောင်ရွက်ရတာ ဖြစ်တယ်။ သူ့နိုင်ငံရဲ့ အပြင်ပကို သွားပြီးတော့ တရားစီရင်လို့ မရဘူး။ ဒါပေမဲ့ 'တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ' ကတော့ ဒါကို ကျော်သွားတယ်။ ဆိုလိုချင်တာက သက်ဆိုင်ရာ တိုင်းပြည်ရဲ့ နယ်နိမိတ် အဝန်းအဝိုင်းထဲမှာရှိတဲ့ စီရင်ပိုင်ခွင့်အာဏာကိုတောင်မှ ကျော်သွားပြီးတော့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အပြင်မှာ၊ တခြားနိုင်ငံတွေမှာ၊ တကမ္ဘာလုံး ဘယ်နိုင်ငံမှာမဆို တကယ်လို့ အဲဒီနိုင်ငံက တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရဲ့မူကို လက်ခံကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အကောင်အထည် ဖော်လို့ရတယ်။”

လက်တွေ့ကျင့်သုံးပုံ

“အဲတော့ အဲဒါက လက်တွေ့မှာ ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ နိုင်ငံတနိုင်ငံက ဒီစီရင်ပိုင်ခွင့်အာဏာကို လက်ခံလိုက်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် တခြားနိုင်ငံကနေပြီးတော့ ကိုယ့်နိုင်ငံထဲကို အကြောင်းကြောင်းနဲ့ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ တချို့အမှုတွေနဲ့ ပတ်သက်လို့ (အမှုတွေ အကုန်လုံးတော့ မဟုတ်ဘူး)၊ နိုင်ငံတကာအရ ကြည့်မယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်မှုကြီးတွေပေါ့၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ပြစ်မှု၊ အဓိကအားဖြင့် အဲဒီ ၄ မျိုးလောက်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို လူတယောက်က သူ့ရဲ့မိခင်နိုင်ငံမှာ ကျူးလွန်လာပြီးတော့ ကိုယ့်တိုင်းပြည်ထဲကို ထွက်ပြေးလာတယ်၊ (Perpetrator လို့ ခေါ်တာပေါ့) ပြစ်မှုကျူးလွန်သူ ရောက်လာပြီဆိုရင်လည်း အဲဒီ ပြစ်မှုကျူးလွန်သူအပေါ်မှာ အဲဒီပြစ်မှုများနဲ့ပတ်သက်လို့ အရေးယူ တရားစွဲဆိုလို့ ရတယ်။ သို့မဟုတ် အခြားနိုင်ငံမှာ ကျူးလွန်ခံရပြီးတော့မှ အဲဒီ တလောကလုံး စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးဖို့ ဆုံးဖြတ်ဆောင်ရွက်နေတဲ့ နိုင်ငံရဲ့ တရားရုံးပေါ်မှာ လာပြီးတော့ လျှောက်ထား တင်သွင်းရင်လည်း သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်တွေက လက်ခံရင် ကျင့်သုံးလို့ရတယ်။ ဒီသဘောအခြေခံကို တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာလို့ ခေါ်တာဖြစ်ပါတယ်။”

ရည်ရွယ်ချက် 

“ဒါကြောင့် လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ ပြစ်မှုကျူးလွန်သူရော၊ ပြစ်မှုကျူးလွန်ခံရသူရော နှစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ စီရင်ပိုင်ခွင့်အာဏာထဲမှာ မဟုတ်ဘူး၊ တခြားတိုင်းပြည်ရဲ့ စီရင်ပိုင်ခွင့်အာဏာထဲမှာ ကျူးလွန်လာသော်ငြားလည်း ကိုယ့်တိုင်းပြည်ထဲမှာ ဒီအမှုကို စစ်ဆေးစီရင်နိုင်တယ်။ အဲဒါကို ဘာကြောင့် စဉ်းစားဖော်ဆောင်လာလဲဆိုတော့ နိုင်ငံတကာဥပဒေအရ ခုနပြောသလို ကြီးမားပြင်းထန်တဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ထားသူတွေဟာ တကမ္ဘာလုံး ဘယ်နေရာကိုပဲသွားသွား ရှောင်ပြေးလို့မရဘူး၊ တနေရာရာမှာ ကိန်းသေ သူတို့ တရားစွဲဆို အရေးယူ ပြစ်ဒဏ်ပေးခြင်း ခံရမယ်၊ ဒါကို ဖြစ်စေချင်တယ်၊ တနည်းအားဖြင့် ပြစ်မှုကျူးလွန်ပြီးတဲ့နောက် လွတ်ကင်းခွင့်ရနေတဲ့ အခြေအနေကို အဆုံးသတ်စေချင်တယ်။ ဒါကို Legal Consideration ပေါ့၊ ဥပဒေကြောင်းအရ စဉ်းစားချက်က ဒီလိုစဉ်းစားချက် ဖြစ်ပါတယ်။”

နိုင်ငံတကာတည်ငြိမ်မှု

“နောက်ပြီးတော့ သူတို့ ကျူးလွန်ထားတယ်လို့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေဟာ သိပ်ကိုကြီးမားတဲ့အတွက်ကြောင့်မလို့ နိုင်ငံတကာအဝန်းအဝိုင်းရဲ့ တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်တယ်၊ ဒီလို သဘောသက်ရောက်တယ်။ ဒီလို အခြေအနေတွေကနေပြီးတော့မှ ဒီတလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးတာပဲ။”

သမိုင်းဝင် အမှုတခု 

“အဲတော့ ကမ္ဘာမှာ ပထမဆုံး စတင်ကျင့်သုံးတယ်လို့ ပြောလို့ရတဲ့ အမှုအခင်းတခုကို ပြောပါမယ်။ အဲဒါကတော့ ၁၉၉၈ ခုနှစ်မှာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဘယ်နိုင်ငံကလဲဆိုတော့ တောင်အမေရိကတိုက်က ချီလီနိုင်ငံက ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ အာဏာရှင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး အော်ဂတ်စတိုပီနိုချေး (Augusto Pinochet)၊ သူက ချီလီနိုင်ငံ သမ္မတ ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ သမ္မတအဖြစ်ကနေ ပြီးတော့ နောက် လွှတ်တော်အမတ်ကြီးအဖြစ်နဲ့ ဆက်ပြီး တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူက လန်ဒန်ကိုသွားပြီးတော့ ဆေးဝါးကုသတယ်။ UK ရဲ့ လန်ဒန်ကိုသွားပြီး ဆေးဝါးကုသတဲ့အချိန်မှာ ပီနိုချေးက စစ်ဗိုလ်ချုပ်ကြီး ဖြစ်စဉ်တုန်းက၊ သမ္မတ ဖြစ်စဉ်တုန်းက သူက ဦးဆောင်ပြီးတော့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကြီးအချို့ ရှိတယ်။ အဲဒီတော့ ကျူးလွန်ခံရတဲ့ မိသားစုတွေက ချီလီက မိသားစုတွေဟာ စပိန်နိုင်ငံမှာရှိတဲ့ စပိန်ကိုသွားတယ်၊ စပိန်နိုင်ငံမှာရှိတဲ့ တရားစီရင်ရေးကို ချဉ်းကပ်တယ်။ အထူးသဖြင့် စပိန်နိုင်ငံမှာ Spanish Judge Baltasar Garzón ဆိုတဲ့ တရားသူကြီးက လူ့အခွင့်အရေး ရှုထောင့်ကို အမြဲတမ်း အလေးအနက်ထားလေ့ရှိတယ်။”

“ဒီတရားသူကြီးက အမှုကို လက်ခံတယ်၊ လက်ခံပြီးတော့ စပိန်တရားရုံးကနေပြီးတော့မှ ချီလီနိုင်ငံရဲ့ သမ္မတဟောင်း ဗိုလ်ချုပ်ကြီးဟောင်း Pinochet ကို ဖမ်းပေးပါဆိုပြီးတော့မှ လန်ဒန်ကို စပိန်နိုင်ငံက ဝရမ်းစာ ပို့လိုက်တယ်။ အဲဒီလို ပို့လိုက်တဲ့အခါကျတော့ ဒါက လန်ဒန်မှာ ဖြစ်တာမဟုတ်ဘူးလေ အမှုအခင်းက။ နောက်ပြီးတော့ လာတဲ့ဝရမ်းကလည်း အမှုဖြစ်တဲ့ ချီလီကလာတဲ့ ဝရမ်းမဟုတ်ဘူး၊ စပိန်ကလာတဲ့ ဝရမ်း။ စပိန်က သီးခြားနိုင်ငံ တနိုင်ငံ၊ ဥရောပမှာ။ အဲဒီတော့ ချီလီမှာဖြစ်တဲ့အမှုကို စပိန်က တရားသူကြီးက လက်ခံပြီး ထုတ်ပေးလိုက်တဲ့ ဝရမ်းကို UK မှာရှိတဲ့ တရားစီရင်ရေးက လက်ခံသင့်၊ မသင့် ဆိုတဲ့ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ အဲဒါ ကမ္ဘာမှာ ပထမဆုံးပဲလို့ ပြောလို့ရတယ်။”

“ခုန ရှင်းပြထားတဲ့ Universal Jurisdiction လို့ ခေါ်တဲ့ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရဲ့ အစပိုင်းပဲ။ အဲဒီတော့ ပီနိုချေးကလည်း သူ့ဘက်က ခုခံတယ်၊ ဒါ ဒီအမှုဖြစ်သွားတဲ့အချိန်တုန်းက သူက သမ္မတအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန်၊ ဒါကြောင့် သူ့မှာ Sovereign Immunity ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်အရ ကင်းလွတ်ခွင့်ရှိတယ်။ သူ့ကို ဖမ်းလို့ဆီးလို့ မရဘူး၊ ထောင်ချလို့မရဘူး။ အဲဒီတော့ အဲဒီအမှုအခင်းကို UK ရဲ့ House of Lords လို့ ခေါ်တဲ့ အဲဒီတုန်းက အမှုအခင်းတွေကို ကိုင်တာပေါ့၊ အထက်လွှတ်တော်ကနေပြီးတော့ စီရင်ချက်ချခဲ့တယ်။ ၁၉၉၉ မတ်လ ၂၄ ရက်နေ့မှာ။ ဟုတ်တယ်၊ Pinochet က အရင်တုန်းက တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်သော်ငြားလည်း တိုင်းပြည်ရဲ့ အကြီးအကဲအဖြစ်နဲ့ Head of State ရဲ့ လွတ်ကင်းပိုင်ခွင့်ကို အသိအမှတ်ပြုတယ်၊ သို့သော်လည်းပဲ နှိပ်စက်ညှဉ်းပန်းမှု (Torture) လို အင်မတန် ကြီးမားပြင်းထန်တဲ့ အမှုအခင်းတွေမှာတော့ဖြင့် ဒီကင်းလွတ်ခွင့် မရနိုင်ဘူးလို့ UK ရဲ့ အထက်လွှတ်တော် တရားစီရင်ရေးပိုင်းက ဆုံးဖြတ်စီရင်ချက် ချမှတ်လိုက်တယ်။ အဲဒါကြောင့် ပီနိုချေးကို ဖမ်းပြီးတော့မှ ချီလီကို ပြန်ပို့လိုက်တယ်။ အဲဒီကနေ စတာပဲ၊ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာရဲ့ လက်တွေ့ အမှုအခင်းကတော့ ပီနိုချေး အမှုကနေ စတယ်။”

စံနမူနာဖြစ်သွားပုံ 

“အဲတော့ ပီနိုချေး အမှုကနေ စပြီး ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ ဒီတိုင်းပြည်ခေါင်းဆောင်တွေကို သူတို့ရဲ့ မိခင်နိုင်ငံမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်၊ လုပ်ရပ်တွေအပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်ခေါင်းဆောင်တွေက တခြားနိုင်ငံ ရောက်သွားပြီဆိုရင် တခြား နိုင်ငံခြားတိုင်းပြည်တွေက အရေးယူလို့မရဘူး ဆိုတဲ့ အစဉ်အလာ၊ ရိုးရာအစဉ်အလာအရ တရားစီရင်ရေးအပေါ်မှာ စဉ်းစားမှုက ကျိုးပေါက်သွားတယ်။ အဲ ပီနိုချေး အမှုကနေ စပြီးတော့မှ တိုင်းပြည်ခေါင်းဆောင်တွေဟာ သူ့ရဲ့ မူလနိုင်ငံမှာ ပြစ်မှု ကျူးလွန်ခဲ့သော်ငြားလည်း တခြားနိုင်ငံ ရောက်သွားတဲ့အချိန်မှာ သူတို့အတွက် လွတ်ကင်းခွင့် မရတော့ဘူး။ အဲဒီနိုင်ငံက တကယ်လို့သာ ဒီတလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကျင့်သုံးတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုရင် အဲဒီတိုင်းပြည်က အဲဒီတိုင်းပြည်ခေါင်းဆောင် ဟောင်းကို ဖမ်းဆီးအရေးယူလို့ရတယ်ဆိုတဲ့ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ တန်ဖိုးသဘောတရားက အဲဒီမှာ စတင်ကျင့်သုံးလာတယ်။ အဲတော့ ဒီနေ့အချိန်မှာဆိုရင် အဲဒီတန်ဖိုးသဘောတရားက တော်တော်လေး ခိုင်မာလာနေပြီလို့ ပြောလို့ရတယ်။”

မြန်မာနိုင်ငံနှင့် ဆက်စပ်မှု 

“အဲတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင်တော့ အားလုံးသိတဲ့အတိုင်းပဲ အာဂျင်တီးနားမှာ၊ အာဂျင်တီးနား တရားရုံးမှာ အမှုတင်ထားတာ ရှိတယ်၊ တရားရုံးက ဝရမ်း (ဖမ်းဝရမ်း) တောင် ထုတ်ထားပြီလို့ သိရတယ်။ အဲဒါအပြင် ဒီတူရကီမှာ၊ ဂျာမနီမှာ၊ ဖိလစ်ပိုင်မှာ အမှုတွေတင်နေတာ Process တွေ ဆက်သွားနေတာတွေရှိတယ်။ နောက် မကြာသေးခင်ကတင်မှပဲ တီမောလက်စတေ (Timor-Leste) လို့ ခေါ်တဲ့ နိုင်ငံသစ်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ကနေပြီးတော့ အမှုသွားတင်တယ်၊ လက်ခံလိုက်ပြီလို့ သိရတယ်။”

သုံးသပ်ချက်

“ဆိုတော့ Universal Jurisdiction လို့ ခေါ်တဲ့ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာက လက်ခံကျင့်သုံးတဲ့ နိုင်ငံတွေ ပိုပြီးတော့ ကျယ်ပြန့်လာလေလေ၊ ကိုယ့် အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ ပြစ်မှုကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ စစ်ခေါင်းဆောင်တွေဟာ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံကိုပဲသွားသွား၊ အဲဒီရောက်တဲ့နိုင်ငံမှာ တကယ်လို့သာ အဲဒီနိုင်ငံက အခုပြောတဲ့ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကျင့်သုံးပြီလို့ ဆုံးဖြတ်လိုက်ရင် အဲဒီပုဂ္ဂိုလ်က ဘယ်နေရာမှာနေနေ တရားစွဲဆိုလို့ ရသွားပါပြီ။ ဒါက အင်မတန်ကောင်းတဲ့သတင်း ဖြစ်တယ်။”

လက်ရှိလည်း တရားစွဲဆိုနေကြတာကို၊ တရားစွဲဆိုရေးမှာ စီရင်ပိုင်ခွင့်အာဏာကို တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး တရားစွဲဆိုရေးမှာ ဦးဆောင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း အသိအမှတ်ပြုပါတယ်။ အဲဒီ စီရင်ပိုင်ခွင့်အာဏာ ဆက်လက်ကျယ်ပြန့်သွားရင် ကမ္ဘာမှာ ကြီးမားပြင်းထန်တဲ့ ပြစ်မှုကြီးတွေ ချိုးဖောက်ပြီးတော့မှ ကိုယ်က ကိုယ့်နိုင်ငံမှာ ပိုက်ဆံစုဆောင်းထားပြီး အခြားနိုင်ငံကို ထွက်ပြေးခိုလှုံသွားနေမယ်ဆိုတဲ့ အဲဒီလိုမျိုး Impunity ပေါ့၊ လွတ်ကင်းခွင့်ရတဲ့ အခြေအနေကြီးဟာ တဖြည်းဖြည်းနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ခပ်တိုတိုပဲ ရှင်းပြပါရစေ။ ဒါလောက်ပါပဲ။”

မေး -အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က မြန်မာနိုင်ငံကိစ္စကို ဘယ်လိုစီရင်ပိုင်ခွင့်မျိုးနဲ့ ကိုင်တွယ်နေတာလဲ၊ တကယ်လို့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့ရင် သူတို့အပေါ်မှာ ဘယ်လိုဥပဒေကြောင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိလာနိုင်မလဲခင်ဗျာ။

ဖြေ - “ICC ဆိုတာကတော့ ရောမဥပဒေ (Rome Statute of the International Criminal Court) အဲဒီဥပဒေ နောက်ခံကနေ ပေါ်ပေါက်လာတဲ့၊ ကမ္ဘာ့သမိုင်းမှာ ပထမဦးဆုံးလို့ ပြောနိုင်တဲ့ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ဖြစ်ပါတယ်။ သူက ICJ နဲ့ မတူဘူး။ ICJ (ကမ္ဘာ့တရားရုံး) က ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ICC က ကုလသမဂ္ဂနဲ့ ဆက်စပ်မှုရှိတယ်၊ သို့သော် လုံးဝ လွတ်လပ်တဲ့ တရားစီရင်ရေး အဆောက်အအုံတခု ဖြစ်ပါတယ်။ တခုချင်းစီက သူ့ဘာသာသူ အရေးပါကြတာပေါ့။”

 ICC က အမှုတွေကို ဘယ်လိုလက်ခံလဲ

“အဲဒီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကြီးကနေပြီးတော့မှ ဘယ်အခါမှာ အရေးယူ ဆောင်ရွက်နိုင်လဲဆိုတော့ ရောမဥပဒေရဲ့ အပိုဒ် (၁၃) အရ (Article 13) မှာ (၁၊ ၂၊ ၃) ရှိတယ်။ နံပါတ် ၁ အရ  ICC ရဲ့ တရားစွဲအရာရှိဆီကို ရောမဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ သက်ဆိုင်ရာ နိုင်ငံက လွှဲအပ်ပေးတဲ့အခါမှာ (သူ့နိုင်ငံထဲမှာရှိတဲ့ ပုဂ္ဂိုလ်တဦးကို ဖမ်းဆီးအရေးယူဖို့ လွှဲအပ်ပေးတဲ့အခါမှာ) ICC မှာ စီရင်ပိုင်ခွင့်အာဏာ ရှိသွားတယ်။ ဒါက အခြေအနေတခု ဖြစ်တယ်။”

“နောက်တခုက  ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ICC ရဲ့ တရားစွဲအရာရှိဆီကို လွှဲအပ်ပေးတဲ့အခါမှာလည်း ICC မှာ တရားစွဲဆိုခွင့် ရှိသွားတယ်။”

“တတိယအခြေအနေတခုကတော့  တရားစွဲအရာရှိ ကိုယ်တိုင်ရဲ့ လုပ်ပိုင်ခွင့်ပေါ့။ အဲဒီ တရားစွဲအရာရှိ ကိုယ်တိုင်ရဲ့ လုပ်ပိုင်ခွင့်ကို အပိုဒ် (၁၅) မှာ (Article 15) ဖော်ပြထားတယ်။ အဲဒီ အပိုဒ် (၁၅) မှာ တရားစွဲအရာရှိကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ တရားစွဲအရာရှိ ကိုယ်တိုင်က ကမကထလုပ်ပြီးတော့ တင်လို့၊ ICC က လက်ခံသင့်တယ်ထင်လို့ လက်ခံလိုက်တဲ့အခါမှာ အဲဒီ Case ဟာ ICC ကို ရောက်သွားတယ်။”

ICC ၏ အခြေအနေနှင့် မြန်မာနိုင်ငံ

“အဲဒီ နောက်ခံတွေကနေပြီးတော့မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို ရောက်သွားတဲ့ အခြေအနေကို ၁၇ ခုကို လောလောဆယ် တွေ့ရတယ်။ Wikipedia ရဲ့ ဖော်ပြချက်အရ (၁၇) ခု ရှိတယ်။ အဲဒါ ဘယ်နိုင်ငံတွေမှာ ဖြစ်တာလဲဆိုတော့ - (၁) က DRC (Congo)၊ (၂) Uganda၊ (၃) Darfur (Sudan)၊ (၄) Central African  Republic၊ (၅) Kenya၊ (၆) Libya၊ (၇) Côte d'Ivoire၊ (၈) Mali၊ (၉) Central African Republic၊ (၁၀) Georgia၊ (၁၁) Burundi၊ (၁၂) Bangladesh/Myanmar ဆိုပြီးတော့ ဖော်ပြထားတာ တွေ့ရတယ်။ နောက် (၁၃) Afghanistan၊ (၁၄) Palestine၊ (၁၅) Philippines၊ (၁၆) Venezuela၊ (၁၇) Ukraine။”

“အဲဒီမှာ Bangladesh/Myanmar လို့ ဖော်ပြထားတဲ့ နောက်ခံကို နည်းနည်းလေး ရှင်းပြပါမယ်။ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံက ရောမသဘောတူစာချုပ် (Rome Statute) ကို လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိဘူး။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ နိုင်ငံတကာအဆင့် ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှ ဖမ်းပြီးတော့ ICC ကို ပို့ပိုင်ခွင့် မရှိဘူး။ တိုင်းပြည်အနေနဲ့ အရေးယူလို့ မရဘူး။ အဲဒါက မြန်မာနိုင်ငံအတွက် လောလောဆယ်အထိ အကြီးအကျယ် ပြဿနာ ရှိနေသေးတယ်။”

“အဲတော့ တရားစွဲအရာရှိ (Prosecutor) က နည်းလမ်းရှာတဲ့အခါကျတော့ ဘာသွားတွေ့ရလဲဆိုတော့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အကြီးအကျယ် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်၊ မုဒိမ်းကျင့်၊ အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အခါကျတော့ ရိုဟင်ဂျာတွေက နယ်စပ်ကို ဖြတ်ကျော်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်သွားကြတယ်။ အဲတော့ ICC တရားစွဲအရာရှိရဲ့ ဥပဒေကြောင်းပြချက် (Legal Ground) က ဘာလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ (အထူးသဖြင့် ရခိုင်ပြည်နယ်မှာ) ဖြစ်ပွားသွားတဲ့ Crimes against Humanity (လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ပြစ်မှုကြီး) ဟာ။ ICC မှာတော့ လူမျိုးတုံးသတ်ဖြတ်မှုကိုမသုံးဘူး။ ပြစ်မှုကျူးလွန်ခံရသူတွေဟာ သူ့ရဲ့ စတင်ဖြစ်ပွားတဲ့ နယ်မြေကနေ ထွက်လာလိုက်တာ ဘင်္ဂလားဒေ့ရှ်ရောက်မှ ဆုံးသွားတယ်။”

“ဒါကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခုကြားထဲမှာ စီရင်ပိုင်ခွင့်အာဏာ သွားဆက်နေတယ်။ အမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်မှ ဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ မြန်မာနိုင်ငံက ရောမဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံအနေနဲ့ Rome Statute ရဲ့ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးပိုင်ခွင့်ရှိတယ် ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ကျင့်သုံးတဲ့အနေနဲ့ တရားစွဲအရာရှိက ICC ကို တင်တာပဲ။ ဒီလိုနည်းနဲ့ Bangladesh/Myanmar ဆိုပြီးတော့ ICC မှာ ရောက်နေတယ်လို့ ယူဆရပါတယ်။”

ICC ၏ သက်ရောက်မှုနှင့် အကျိုးဆက်များ

“အဲတော့ ICC မှာ ရောက်သွားတဲ့အတွက် အကျိုးဆက်တွေက ဘာတွေ ဖြစ်လာမလဲ။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာ (၂၀၂၄ နောက်ဆုံးပိုင်းနဲ့ ၂၀၂၅ အစောပိုင်းမှာ) ICC ရဲ့ တရားစွဲအရာရှိကနေပြီးတော့မှ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်အချို့ကို ဖမ်းဆီးဖို့အတွက် ဝရမ်းထုတ်ပေးပါဆိုပြီးတော့ ICC ကို လျှောက်လွှာတင်ထားခဲ့တယ်။ အဲဒီ လျှောက်လွှာက အခုအချိန်အထိ ICC က စိစစ်နေဆဲ ဖြစ်တယ်။”

မေး။ တကယ်လို့သာ ICC က တရားစွဲအရာရှိရဲ့ လျှောက်ထားချက်အတိုင်း လက်ခံပြီးတော့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ထိပ်သီးခေါင်းဆောင်အချို့ကို ဝရမ်းထုတ်ပေးလိုက်ပြီဆိုရင် ဥပဒေရှုထောင့် (Legal Aspect) က ဘာတွေ ဖြစ်လာနိုင်မလဲ။

ဖြေ။ “နံပတ် ၁ အချက်က မင်းအောင်လှိုင်ဟာ Permanent International Fugitive Status (နိုင်ငံတကာ ဝရမ်းပြေးအဆင့်)ကို ထာဝရ ရောက်သွားပါပြီ။ ICC က သူ့ကို ဖမ်းမမိမချင်း မင်းအောင်လှိုင်ဟာ နိုင်ငံတကာဝရမ်းပြေး ဖြစ်သွားပြီ။ Permanent ဖြစ်သွားပြီ။ အဲလို ဖြစ်သွားတဲ့အတွက် သူ့အတွက် ဘာထိခိုက်သွားလဲဆိုတော့ Rome Statute ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံ ရှိတယ်။ အဲဒီ ၁၂၄ နိုင်ငံကို သူ ခရီးမသွားရဲတော့ဘူး။ ခရီးသွားရင် ဖမ်းပို့ဖို့က အဲဒီနိုင်ငံရဲ့ တာဝန် ဖြစ်သွားပြီ။ အဲဒီမှာ Interpol ကလည်း ပူးပေါင်းဆောင်ရွက်တာတွေ၊ International Police ပေါ့၊ ပူးပေါင်းဆောင်ရွက်တာတွေပါ ဖြစ်လာနိုင်တယ်။ ဒါက တခု။”

“ဥပဒေကြောင်း သက်ရောက်မှု နောက်တခုက  အပိုင်း (၁) မှာ ဆွေးနွေးရှင်းပြသွားတဲ့ တလောကလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာ (Universal Jurisdiction) နဲ့ ဆိုင်သွားတယ်။ ICC က ထုတ်ထားတဲ့ ဝရမ်းကြီးက မင်းအောင်လှိုင်အပေါ်မှာ ရှိနေတာကိုး။ အဲဒီအခါကျတော့ မင်းအောင်လှိုင် ဘယ်မှပြေးလို့ မရအောင် သက်ဆိုင်ရာနိုင်ငံတွေမှာ တရားစွဲတင်တဲ့ အမှုအခင်းတွေ အများကြီး ဖြစ်သွားလိမ့်မယ်။ သာဓကအားဖြင့် အရှေ့တောင်အာရှမှာဆိုရင် မလေးရှားတို့၊ အင်ဒိုနီးရှားတို့ ဒီလိုနိုင်ငံတွေမှာ တရားစွဲဆိုမှုတွေ အချိန်မရွေး ပေါ်လာနိုင်တာပဲ။ တခြား တတိယနိုင်ငံတွေမှာလည်း အများကြီး ပေါ်လာနိုင်တယ်။ ဒါ ဒုတိယတခု။”

“တတိယတခုက ဘာလဲဆိုတော့ မင်းအောင်လှိုင် ခေါင်းဆောင်ပြီးတော့ စစ်ခေါင်းဆောင်တွေက ကြီးကြီးကျယ်ကျယ် လိုက်လံရှာဖွေနေတဲ့ တရားဝင်မှု (Legitimacy) က အကန့်အသတ် တော်တော်ကြီးသွားလိမ့်မယ်။ ရုရှားနဲ့ တရုတ်က မင်းအောင်လှိုင်ကို အကာအကွယ် ပေးထားတယ် ဆိုသော်ငြားလည်း ICC က ထုတ်လိုက်တဲ့ ဝရမ်းဟာ မင်းအောင်လှိုင်ဟာ ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရခေါင်းဆောင်ပါ ဆိုတဲ့ အနေအထားမျိုး မရှိတော့ဘူး၊ ပြုတ်သွားလိမ့်မယ်။”

“နောက်တခါ နိုင်ငံရေးရှုထောင့်ကနေ - ၂၀၂၅ အကုန် ၂၀၂၆ အစောပိုင်းမှာ ကျင်းပသွားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံရေးရှုထောင့်ကနေ ပထမအချက်က ဘာဖြစ်သွားနိုင်လဲဆိုတော့ မင်းအောင်လှိုင်သာ ICC ကနေ အဲလို ဝရမ်းထုတ်လိုက်ပြီဆိုရင် သူတို့ စစ်တပ်အတွင်းပိုင်းမှာ ကွဲအက်မှုတွေ နည်းနည်း ရှိုင်းရှိုင်း ဖြစ်သွားလိမ့်မယ်။ အဲတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီးတော့ တပ်မတော်ထဲမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကနေပြီးတော့မှ သန့်ရှင်းရေး၊ ရှင်းလင်းရေး လုပ်တာမျိုးတွေ ပေါ်လာနိုင်တယ်။ ဒါကတခုဖြစ်တယ်။”

“နောက်တခုကတော့ သံတမန်ရေးအရ ခွဲခြား၊ သီးခြားဆက်ဆံခံရမှု၊ ငြင်းပယ်ခံရမှု။ အခု ကျင်းပခဲ့တဲ့ Election အပြီးမှာ ရနိုင်တယ်လို့ မျှော်လင့်ထားတဲ့ တရားဝင်မှုလေးကို ကိုင်ပြီးတော့ သံတမန်ရေးနယ်ပယ် တိုးချဲ့မယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ရည်မှန်းချက်က အကြီးအကျယ် ထိခိုက်သွားနိုင်တယ်။ ဒါက ဒုတိယတခု။”

“တတိယတခုကတော့ဖြင့် လူထုတွေနဲ့ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေပေါ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ NUG နဲ့ PDF တွေ၊ တခြား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တိုင်းရင်းသားရေး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတကာ လှုပ်ရှားမှုတွေ ဖော်ဆောင်လာနိုင်တယ်။ အဲဒါဟာ စစ်ကောင်စီက နေမြဲ ထိန်းချုပ်ဖို့အတွက် အကြီးအကျယ် အကျပ်အတည်း တွေ့စေနိုင်တယ်။ ဒါတွေက နိုင်ငံရေးရှုထောင့်ကနေ သုံးသပ်တာဖြစ်တယ်။”

“နောက်တခုက စီးပွားရေးနဲ့ ငွေကြေးရှုထောင်။ အဲတော့ နိုင်ငံတကာမှာ ရှိနေကြတဲ့ ဘဏ်တွေ၊ နိုင်ငံတကာဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ အကုန်လုံးက မြန်မာအစိုးရနဲ့ ဆက်ဆံမှုအတွက် အကန့်အသတ်တွေ အကြီးအကျယ် ချမှတ်လာလိမ့်မယ်။ ဒါကြောင့် စစ်တပ်အစိုးရအနေနဲ့ လောင်စာဆီအတွက်တွေ၊ လက်နက်ဝယ်ဖို့တွေ၊ လူထုကိုဗုံးကြဲဖို့အတွက် ဆီလိုအပ်တာတွေ အဲဒါတွေအတွက် ငွေပေးချေဖို့ အခက်အခဲ ရှိသွားလိမ့်မယ် ဒါတခုဖြစ်တယ်။”

“ဒုတိယတခုကတော့ နိုင်ငံခြားကနေ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံမယ့် သူဌေးကြီးတွေ၊ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အထူးသဖြင့် စွမ်းအင်နဲ့ ဘဏ်လုပ်ငန်းတွေမှာ လာပြီး မြှုပ်နှံမယ့် ပုဂ္ဂိုလ်တွေဟာ ပြန်ထွက်ကြဖို့၊ ဒီအလုပ်တွေ မလုပ်နဲ့တော့၊ ပြန်ထွက်ကြတော့ ဆိုတဲ့ ဖိအားတွေ ပေးခြင်းခံရလိမ့်မယ်။ ခင်ဗျားတို့ ဆက်လုပ်နေရင် ခင်ဗျားတို့ကိုယ်တိုင်လည်းပဲ ပြစ်မှုကျူးလွန်သူတွေကို အားပေးတယ်ဆိုတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်ဆိုတဲ့ ဖိအားတွေ ရောက်လာနိုင်တယ်။ ဒါက ဒုတိယတခု။”

“တတိယတခုကတော့ အခု ၂၀၂၅ နှစ်ကုန်ပိုင်း၊ ၂၀၂၆ နှစ်စပိုင်းမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအပေါ်မှာ ထားတဲ့ မျှော်လင့်ချက်ပေါ့၊ တရားဝင်မှုရှာတဲ့ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ပြမယ်၊ အစိုးရဖွဲ့ပြမယ်၊ အဲဒီအပေါ်မှာ အခြေခံပြီး တရားဝင်မှု အထိုက်အလျောက် ရလာနိုင်တယ်၊ အဲဒါလေးကိုင်ပြီး နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ် တိုးချဲ့မယ်ဆိုတဲ့ မင်းအောင်လှိုင် မျှော်လင့်ချက်ဟာ ဒီတရားမဝင် ရွေးကောက်ပွဲအဖြစ် သိမှတ်ပြုတဲ့ဘက်ကို ပြောင်းသွားပြီးတော့ စစ်အုပ်စုအတွက် ပိုမိုအကျပ်အတည်း တွေ့နိုင်တယ်ဆိုတဲ့ အခြေအနေတွေကို ICC ခေါင်းစဉ်အောက်ကနေ ဒီလောက်အထိပဲ ရှင်းပြပါရစေဗျာ။” 

မေး - အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုထားတဲ့အမှုမှာ တကယ်လို့ ဂမ်ဘီယာဘက်က အနိုင်ရခဲ့ရင် မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ၊ ဒါဟာ ပြည်သူတွေအတွက် ကောင်းကျိုးဖြစ်စေမှာလားဆိုတာ ရှင်းပြပေးပါဦးခင်ဗျ။

ဖြေ - “ဂမ်ဘီယာကနေ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့အမှု အားလုံး သိကြပါတယ်။ လူမျို‌တုံးသတ်ဖြတ်မှု ၁၉၄၈ ခုနှစ် ဂျနီဗာ (Genocide Convention) ကို လက်မှတ်ရေးထိုး အတည်ပြုထားပြီးတော့ လိုက်နာကျင့်သုံးဖို့ တာဝန်ရှိတဲ့ အစိုးရအာဏာပိုင်တွေအနေနဲ့ ဖောက်ဖျက်ကျူးလွန်နေတယ် ဆိုပြီးတော့မှ ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲထားတဲ့အမှု ဖြစ်ပါတယ်။” 

ဒီမှာ ICJ နဲ့ ICC နှစ်ခုကို နည်းနည်းလေး ရှင်းပြပါရစေ။ 

“ICJ က တိုင်းပြည်ရဲ့ တာဝန်ရှိမှုကို ရှာဖွေတာ ဖြစ်တယ်။ အဲဒီ အခြေခံကနေပြီးတော့မှ Court က ဆုံးဖြတ်တယ်၊ တိုင်းပြည်မှာ တာဝန်ရှိသလား မရှိဘူးလား။ ICJ က ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။”

“ICC ကတော့ လူတဦးချင်းစီက ပြစ်မှုကြောင်းအရ တာဝန်ရှိသလား မရှိဘူးလား ဆိုတဲ့အပေါ်မှာ အဓိက ရှာဖွေတယ်၊ တရားရုံးက ဆုံးဖြတ်တယ်၊ ပြစ်ဒဏ်စီရင်တယ်။ ICC က လွတ်လပ်တဲ့ တရားရုံး ဖြစ်ပါတယ်။”

“ဒီနှစ်ခု ယှဉ်ကြည့်တဲ့အခါကျတော့ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ICJ က ICC ထက် အများကြီး ပိုပြီးတော့ အားကြီးတယ်လို့ ပြောလို့ရတယ်။ ICJ က ဆုံးဖြတ်လိုက်ပြီဆိုရင် တိုင်းပြည်တခုလုံးက လေးစားလိုက်နာဖို့ လိုအပ်တဲ့အပြင်၊ အဲဒီစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တခြားတိုင်းပြည်တွေ အကုန်လုံးလည်း လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။”

“ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုဟာ 'Genocide Convention' လို့ အတိုကောက် လူသိများတဲ့ 'Convention on the Prevention and Punishment of the Crime of Genocide' အဲဒီနိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီးတော့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။ အမှုအကြောင်း အသေးစိတ်တော့ မပြောတော့ပါဘူး။”

ICJ ဆုံးဖြတ်ချက်၏ သက်ရောက်မှု

“တကယ်လို့ သက်ဆိုင်ရာ နိုင်ငံက အပြစ်ကျူးလွန်ကြောင်း ဆုံးဖြတ်ခံလိုက်ရပြီဆိုရင် ဒီ Genocide Convention နိုင်ငံတကာစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အခြားနိုင်ငံတွေကလည်း အပြစ်ပေးအရေးယူတဲ့ နေရာမှာ ဝင်ရောက်ဆောင်ရွက်ဖို့ သွယ်ဝိုက်တာဝန်ရှိသွားတယ်။ အဲလို ပြောလို့ရတယ်။ အဲဒီအတွက်က အရှိန်အဝါ တော်တော်ကို ကြီးတယ်၊ ICC နဲ့ ကွာသွားတယ်။”

“ဒီနေရာမှာ အရေးကြီးတဲ့အချက်တခုကို မိဘပြည်သူတွေကို ရှင်းပြချင်တာရှိပါတယ်။ အဲဒါက ကမ္ဘာ့တရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့အမှုမှာ ဂမ်ဘီယာ နိုင်သွားရင် 'ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်ပြီလား' လို့ စိုးရိမ်နေကြတဲ့ မြန်မာနိုင်ငံသား ရိုးရိုးနိုင်ငံသားတွေအတွက်ကတော့ မစိုးရိမ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှုကို စီရင်ရုံတင်မက၊ အထူးသဖြင့် အခု ၅ နှစ်လောက်အတွင်းမှာကို ထင်ထင်ရှားရှား ပေါ်လွင်နေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ လူထုအပေါ်မှာ ရက်စက်မှုတွေကြောင့်မလို့ပါ။”

“ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အမှုအခင်းမှာ အဓိက လုပ်ဆောင်သွားတာက မြန်မာနိုင်ငံ နာမည်အောက်မှာ State Institution လို့ ခေါ်တဲ့ တိုင်းပြည်ရဲ့ တာဝန်ရှိတဲ့ အဆောက်အအုံ၊ တပ်မတော် (မြန်မာစစ်တပ်)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာစစ်တပ် တပ်မတော်က အဓိက ကျူးလွန်သွားတာဆိုတာ အမှုကြောင်းအရ စစ်ဆေးရေးမှာ တောက်လျှောက် ပေါ်လွင်နေသလို တခြားအခြေအနေကြောင့်လည်း နိုင်ငံတကာက သိနေကြပါပြီ။”

“မှန်တယ်၊ မြန်မာနိုင်ငံ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) ကျူးလွန်တဲ့နိုင်ငံ ဖြစ်တယ်လို့ ဆုံးဖြတ်ခံလိုက်ရတဲ့အတွက် နိုင်ငံအနေနဲ့ နာမည်ပျက်သွားမယ်။ အဲလို နာမည်ပျက်တာကလည်း ကြာကြာကြီး မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ကလည်း ဒီဆုံးဖြတ်ချက်ကြောင့်ကိုပဲ (ICJ ရဲ့ ဆုံးဖြတ်ချက် အဲဒီလိုသာ ချမှတ်လာရင်) ကြာကြာအာဏာတည်မြဲဖို့ ဖြစ်ကို  မဖြစ်နိုင်တော့လို့ပါပဲ။ အဲဒီအခါကျတော့ ပြည်တွင်းမှာ အစိုးရအပြောင်းအလဲ တကယ်ဖြစ်သွားပြီ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်လာပြီ၊ အဲဒီနောက်ခံကနေ ဖက်ဒရယ်တပ်မတော် ပေါ်လာပြီ၊ ဖက်ဒရယ်ရဲတွေ ပေါ်လာပြီ၊ ဖက်ဒရယ်ကို လွှမ်းခြုံတဲ့ လှုပ်ရှားမှုတွေ ပေါ်လာပြီးတော့ ဥပဒေစိုးမိုးရေး အခြေခံက တည်ငြိမ်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ပြီဆိုရင် အကျိုးအကြောင်းကို တကမ္ဘာလုံး တင်ပြပြီးတော့မှ နိုင်ငံတခုချင်းစီအနေနဲ့ မြန်မာနိုင်ငံအပေါ် သတ်မှတ်ထားတဲ့ဟာကို ပြန်လည်စဉ်းစားပေးပါလို့ မေတ္တာရပ်ခံလို့ ရပါတယ်။ တရားရုံးကတော့ ICJ ကတော့ သူ့အလုပ်သူ လုပ်ပြီးသွားပြီ၊ ICJ နဲ့တော့ မဆိုင်တော့ဘူး။ နိုင်ငံတခုချင်းစီကို ရှင်းပြပြီးတော့မှ ကျနော်တို့ နောက်တက်လာတဲ့အစိုးရနဲ့ သူရဲ့တိုင်းပြည်အဆောက်အအုံတွေ၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဉပဒေနဲ့အညီ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တိုင်းပြည်အဆောက်အအုံတွေ၊ ဖက်ဒရယ်တပ်မတော်အပါအဝင် လုံခြုံရေးယန္တရားတွေအကုန်လုံးဟာ ဒီ ၁၉၄၈ Genocide Convention ကို လိုက်နာဆောင်ရွက်အကောင်အထည်ဖော်သွားမယ်။ အဲတာကို ရှင်းပြဖို့ပဲလိုပါတယ်။”

“အဲတော့ တကယ်လို့သာ ဂမ်ဘီယာဘက်က အနိုင်ရသွားပြီးတော့ 'ရိုဟင်ဂျာတွေကို အကြီးအကျယ် နှိပ်စက်ညှဉ်းပန်း မုဒိမ်းကျင့် သတ်ဖြတ်' ထင်ရာလုပ်ခဲ့တဲ့အုပ်စုဟာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်နဲ့ မြန်မာစစ်တပ်သာ ဖြစ်တယ် ဆိုတဲ့အချက်က ပေါ်လွင်သွားတဲ့အခါမှာ ဂလမ်ဘီယာနိုင်သွားတာဟာ ကျနော်တို့ မြန်မာပြည်သူတွေ နိုင်တာပဲလို့ သတ်မှတ်လို့ရတယ်။ အဲတာ ဘာကြောင့်လဲဆိုတော့ ICJ က အဲလိုဆုံးဖြတ်လိုက်ပြီဆိုင် ICJ ရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီးတော့ ICC ရဲ့ စီရင်မှုမှာ နိုင်ငံတကာပြစ်မှုဆိုရာတရားရုံးအမှုမှာ မင်းအောင်လှိုင်အပေါ် ထုတ်ထားဖို့ သေချာလောက်တဲ့ ဖမ်းဝရမ်းပေါ့။ အဲဒါရဲ့ သက်ရောက်မှုက အများကြီး တာသွားလိမ့်မယ်။ အဲတော့ မင်းအောင်လှိုင်သာမကဘဲနဲ့ တခြားသက်ဆိုင်နိုင်လောက်တဲ့ ပြစ်မှုကျူးလွန်ရာမှာပါဝင်တယ်လို သက်သေခံထွက်ဆိုတဲ့ တခြားစစ်ခေါင်းဆောင်တွေကိုပါ ICC က ဝရမ်းတွေဆက်သွားမှာဖြစ်တယ်။ 

သက်သေခံချက်နဲ့ပတ်သက်လို့လည်းပဲ ပူစရာမလိုဘဲနဲ့ ICJ တောင် က သက်သေပြရခက်တဲ့ 'Genocidal Intent' (လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်) မှာ ဂမ်ဘီယာဘက်က သက်သေပြချက်တွေကို လက်ခံပြီး အမှုကြောင်းအရလည်းပေါ်လွင်နေတဲ့ သက်သေပြချက်တွေကို ထောက်ထားပြီးတော့အမှုကိုအနိုင်ပေးလိုက်ပြီဆိုရင် အဲဒါဟာ ICC မှာ အများကြီး သက်ရောက်သွားတယ်။  ICC မှာရှိတဲ့ တရားစွဲအရာရှိနေနဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ပြစ်မှုမှာ ထပ်မံပြီးတော့ တာဝန်ရှိတဲ့စစ်ခေါင်းဆောင်တွေကို ဆက်လက်အရေးယူဖို့ခွင့်ပြုတာတွေ ဖြစ်လာနိုင်တယ်။ အဲတော့ ICJ ကနေ အဓိက ဆုံးဖြတ်ဖို့ကြိုးစားနေတဲ့ 'Genocidal Intent' လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ကျူးလွန်ရန် ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ ICJ က ရှင်းရှင်းလင်းလင်း အဲလို ရည်ရွယ်ချက်ရှိတယ်လို့ အဲလိုရည်ရွယ်ချက်နဲ့ ကျူးလွန်တယ်လို့ ဆုံးဖြတ်လိုက်တာက ဘာသဘောဆောင်လဲဆိုတော့  ဒီရိုဟင်ဂျာတွေ နစ်နာသွားတဲ့အမှုမှာ ကျူးလွန်ပုံကျူးလွန်နည်း (Patterns of Violence) လို့ ခေါ်တယ်။ ကျူးလွန်ပုံကျူးလွန်နည်း -

ရွာထဲကို ဝင်သွားတယ်၊ လူတွေ ထွက်ပြေးကြတယ်၊ ပြေးတဲ့လူတွေကို နောက်ကနေ သေနတ်နဲ့ပစ်တယ်၊ အိမ်ထဲမှာ ဝင်ပြီးတော့ ကျူးလွန်ချင်တာ ကျူးလွန်တယ်၊ ကျူးလွန်ပြီးရင် အိမ်တွေကို ဖျက်ဆီးတယ်၊ မီးရှို့တယ်၊ လူတွေလည်း သတ်တယ်၊ သတ်ပြီးလို့ရှိရင် အဲဒီ ဘူဒိုဇာတွေပေါ်လာတယ်၊ အဲဒီ ဘူဒိုဇာတွေနဲ့ ထိုးတယ်၊ အလောင်းတွေကို ကျင်းကြီးတွေထဲမှာ မြှုပ်တယ်၊ ကျန်တဲ့ အိမ်အစအနတွေ အကုန်လုံး ဘူဒိုဇာနဲ့ ထိုးပြီးတော့မှ ဖုံးပစ်လိုက်တယ်။ ဒီလိုလုပ်တာက ရွာတရွာတည်းမှာတင် မဟုတ်ဘူး၊ ရွာပေါင်း တော်တော်များများမှာကို လုပ်တယ်ဆိုတဲ့ အချက်အလက် တူတူညီညီ တွေ့တယ်ဆိုရင် အဲဒါကို Patterns of Violence လို့ ခေါ်တယ်။ ပြစ်မှုကို ကျူးလွန်ပုံကျူးလွန်နည်း၊ ပြစ်မှုကျူးလွန်မှုကို ဖျောက်ဖျက်ပုံ ဖျောက်ဖျက်နည်း၊ အဲဒါဟာ ပုံစံပဲ၊ ပုံစံချပြီးတော့ လုပ်သွားတာပဲ ဆိုတဲ့အချက်အပေါ်မှာ ရှင်းလင်းနေတယ်ဆိုရင် ဒါ Genocidal Intent ပဲ။”

“အဲဒီ Genocidal Intent အပေါ်မှာ ICJ က ရှင်းပြီးတော့ ဂမ်ဘီယာက မြန်မာကို စွဲတဲ့အမှုမှာ မြန်မာစစ်တပ် တပ်မတော်ဟာ ဒီ Patterns ပုံစံတကျ ကျူးလွန်သွားတာပဲ ဆိုတဲ့အချက်ကို လက်ခံမှသာလျှင် ဂမ်ဘီယာကို အနိုင်ပေးမှာ။ လက်မခံရင် ပယ်ချလိုက်မယ်။ မြန်မာဘက်က ရှုံးသွားမယ်။ အဲဒီ မြန်မာဘက်က ရှုံးသွားမယ်ဆိုတာ (တကယ်တော့) စစ်တပ်ရဲ့ အောင်ပွဲပဲ၊ မင်းအောင်လှိုင်အတွက် အောင်ပွဲပဲ။ မင်းအောင်လှိုင် အကြီးအကျယ် စိုးရိမ်ထိတ်လန့်နေတာ အဲဒါပဲ။”

“အဲတော့ ကြည့်ပါလား၊ ICJ တို့ ကမ္ဘာ့တရားရုံးကတောင်မှ ငါတို့စစ်တပ်ကို တရားစွဲလို့ မရဘူး ဆိုတဲ့ဟာက မာနတက်မှုဟာ ဟိုးအာကာသ အမြင့်ဆုံးအထိ ရောက်သွားလိမ့်မယ်။ စစ်တပ်ဟာ နောက်ထပ် ကြီးမားပြင်းထန်တဲ့ လူသားမျိုးနွယ် ဆန့်ကျင်တဲ့အမှုလား၊ လူမျိုးတုံးသတ်ဖြတ်မှုလား၊ စစ်ရာဇဝတ်မှုလား၊ နှိပ်စက်ညှဉ်းပန်းမှုလား၊ ဘယ်လောက်ပဲ ကြီးမားပြင်းထန်တဲ့ ရာဇဝတ်မှုကြီးတွေ ဖြစ်စေ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က ဘာကိုမှ ဂရုမစိုက်တော့ဘဲနဲ့ ဆက်ပြီးတော့ ကျူးလွန်တော့မှာပဲ။ တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်မယ်၊ ခေါ်ပြီးတော့ သူတို့ကြိုက်သလို လက်မှတ်ထိုးခိုင်းမယ်၊ မထိုးဘူးလား၊ မထိုးရင် ချမယ်။ အဲလိုချမယ်ဆိုရင် ဘာပါလာမလဲ၊ ခုနပြောတဲ့ မြေလှန်စစ်ဆင်ရေး အကုန်ပါလာမယ်။ လူမျိုးတုံးသတ်ဖြတ်မှုထက် ပိုဆိုးတဲ့၊ အခုကနေ့အထိ အချိန်အထိ လေယာဉ်ပေါ်က ဗုံးတွေ ကြဲနေတဲ့ ဖြစ်ရပ်ထက် ပိုဆိုးတဲ့ ဖြစ်ရပ်တွေ လုပ်ဖို့ ဝန်မလေးတော့ဘူး။ ဘာကြောင့်လဲ၊ လက်မှတ်ထောင်လို့ ရသွားပြီ၊ ကမ္ဘာ့တရားရုံးအဆင့်ကတောင်မှ ငါတို့ပြစ်မှုကျူးလွန်တာကို အရေးယူ တရားစွဲလို့ မရဘူး ဆိုတဲ့အဆင့်ဟာ မြန်မာနိုင်ငံအတွက်ကိုတော့ဖြင့် သေမိန့်ပေးလိုက်တာပဲ။ အဲလို နားလည်ဖို့ လိုအပ်ပါတယ်။”

“အဲတော့ သို့သော်လည်းပဲ ဒီလိုအခြေအနေက ဖြစ်နိုင်ခဲတယ်လို့ ယူဆတယ်။ စစ်တပ်ရဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က ရိုဟင်ဂျာတင်မက တခြားတိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်မှုကြီးတွေက ထင်ရှားလွန်းတာကြောင့်မလို့ တရားသူကြီးတွေ ကိုယ်တိုင်လည်းပဲ အမှုခင်းအတွင်းမှာတင်မက အမှုခင်းအပြင်မှာလည်း ကြားနေနိုင်တာမျိုးတွေ ရှိလို့ ဒီအမှုမှာတော့ဖြင့် မြန်မာစစ်တပ်ရဲ့ တပ်မတော်လို့ ခေါ်တဲ့ ကာချုပ်ကြီး မင်းအောင်လှိုင် ခေါင်းဆောင်နေတဲ့ Institution အဖွဲ့အစည်းဟာ တကယ့်ကို လူသတ်အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို ICJ တရားသူကြီးတွေက စဉ်းစားမိလောက်ပါပြီ။ ဒါကြောင့်လည်းပဲ တပ်မတော်အတွက် အလားအလာ ဘာမှမကောင်းတဲ့ အဖြေဟာ ICJ ကနေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

“အထူးသဖြင့်ဆိုရင်တော့ဖြင့် ICJ ကမ္ဘာ့တရားရုံးရဲ့ စီရင်ချက်ဟာ ကာချုပ်ကြီး မင်းအောင်လှိုင်ကို အလိုအလျောက် သွားပြီးတော့ အပြစ်ဒဏ်ပေးတာမျိုးတော့ မရှိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံအပေါ်မှာပဲ စီရင်တာလေ၊ တဦးချင်းအပေါ်မှာ စီရင်တာ မဟုတ်ဘူး။ သို့သော် ဘာတော့ သူက ပေးလို့ရနေလဲဆိုတော့ ဥပဒေကြောင်းအရ၊ သက်သေခံချက်တွေအရ၊ နိုင်ငံရေးဝိတ် (Weight) အရ နိုင်ငံတကာက ဆက်လက်ပြီးတော့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ (ကာချုပ် မင်းအောင်လှိုင် ခေါင်းဆောင်ထားတဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ) အပြင်၊ တခြား နိုင်ငံတကာပြစ်မှု ကျူးလွန်တဲ့လူတွေ ရှိသေးသလား၊ အဲဒီလူတွေကိုပါ ဆက်လက်ပြီးတော့ အရေးယူနိုင်ဖို့ရန်အတွက် ICJ ရဲ့ စီရင်ချက်ကတော့ဖြင့် မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးတဲ့ စီရင်ချက် ဖြစ်လိမ့်မယ်။ ဒါကြောင့် သာမန်ပြည်သူများအနေနဲ့လည်း တကယ်လို့သာ ICJ ကမ္ဘာ့တရားရုံးက ဂမ်ဘီယာကို အနိုင်ပေးလိုက်တယ် ဆိုတဲ့ သတင်းကြားရင် ဒါဟာ ငါတို့ မြန်မာနိုင်ငံသားတွေအတွက် တကယ့်ကို ကောင်းသတင်းပဲလို့ မှတ်ဖို့သင့်ကြောင်းနဲ့ အကြံပြုသုံးသပ်ရင်း ဒီမှာပဲ နိဂုံးချုပ်ပေးပါရစေဗျာ။” 

မေး - ခြုံငုံကြည့်ရင် နိုင်ငံတကာတရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်က ရှေ့ဆက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးထွက်ပေါက်တွေကို ဘယ်လိုမျိုး အလဲထိုး ဖျက်ဆီးပစ်နိုင်မလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

ဖြေ - "နိုင်ငံတကာဥပဒေနောက်ခံကနေ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လက်ရှိလည်ပတ်နေတဲ့ တရားရုံးတွေရဲ့ အခြေအနေကြောင်း သုံးသပ်ဆွေးနွေးခန်း နောက်ဆုံးပိုင်းကို ဆက်မှာဖြစ်ပါတယ်။ ICJ မှာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ သို့မဟုတ် စစ်ကော်မရှင်ဟာ မင်းအောင်လှိုင် ပြောတဲ့အတိုင်း ဆိုရင်တော့ သူတို့ ICJ ကို မတက်ခင်မှာ သေသေချာချာ စဉ်းစားဆွေးနွေးပြီးတော့မှ တက်ခဲ့တယ်လို့ အဲဒီလို ပြောခဲ့တာ ကြားလိုက်ရပါတယ်။ ဘာကြောင့်တက်တာလဲဆိုတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလို ICJ က သူ့ရဲ့ထူးခြားချက်က နိုင်ငံတွေကို တရားစွဲတာဖြစ်တယ်။ သာမန်အားဖြင့်ဆိုရင်တော့ ICJ ဟာ ကမ္ဘာ့တရားရုံးဟာ နိုင်ငံတခုနဲ့အခြားတခုကြားမှာဖြစ်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ဖွဲ့စည်းတည်ရှိနေတာ။ ဒါကြောင့် တရားစွဲမယ်ဆိုရင် နိုင်ငံတခုက အခြားတခု သို့မဟုတ် အများကို တရားစွဲရတာဖြစ်တော့ မြန်မာစစ်ကောင်စီ၊ စစ်ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့မှ တရားစွဲလိုက်တယ်၊ တရားစွဲဆိုမှုကို ခုခံတယ်ဆိုရင် သူတို့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာ တက်သွားမယ်။”

“ရိုဟင်ဂျာတွေကို သတ်ချင်သလိုသတ်၊ နှိပ်စက်ချင်သလိုနှိပ်စက်၊ မုဒိမ်းကျင့်ချင်သလိုကျင့်တဲ့ အင်မတန်ဆိုးဝါးပြင်းထန်တဲ့ ပြစ်မှုကြီးကို ခုခံ ကာကွယ်တဲ့သဘောမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ကာကွယ်တဲ့သဘော အနေမျိုးတက်တဲ့ ပုံရိပ်ကို သူတို့ မျှော်မှန်းပြီးတော့ ICJ ကို တက်၊ ခုခံကာကွယ်ခဲ့ကြောင်း သိရပါတယ်။”

စစ်တပ်အ ကျိုးစီးပွားလား၊ နိုင်ငံအကျိုးစီးပွားလား

“ခြုံပြောရရင်တော့ဖြင့် မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားအတွက် ခုခံကာကွယ်နေတယ်ဆိုတဲ့ နိုင်ငံရေးပုံရိပ်ကို လိုချင်လို့ စစ်ကော်မရှင်က ICJ ကို တက်ခဲ့တာ။ သို့သော် တကယ်တမ်းကျတော့ မြန်မာစစ်တပ် တပ်မတော်ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ပဲ။ အဲဒါကို သိတယ်ဆိုရင် ပြည်သူတရပ်လုံးက ဒါကို လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားရပ်တည်ချက်ချ၊ ရပ်တည်ပြလိုက်မယ်ဆိုရင် မြန်မာစစ်တပ် တပ်မတော်နဲ့ သူ့ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ICJ ရဲ့ ဆုံးဖြတ်ချက်အတိုင်း အရေးယူဖို့လိုတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ ပေါ်လာလိမ့်မယ်။ တဖက်ကလည်း ICJ က ဂမ်ဘီယာကို အနိုင်ပေးလိုက်မယ်ဆိုရင်ပေါ့ဗျာ။”

နိုင်ငံတကာ၏ အမြင်နှင့် ဥပဒေကြောင်းဆိုင်ရာ တာဝန်ရှိမှု

“အဲတော့ ဒါနဲ့ဆက်စပ်ပြီးတော့ စဉ်းစားသင့်တာကတော့ ကမ္ဘာကြီးက မြန်မာနိုင်ငံရေးကို အာရုံမစိုက်ဘူး၊ ကိုယ့်ကိစ္စ ကိုယ့်ဘာသာကိုယ် လုပ်မှရမယ်၊ ကိုယ့်ပြဿနာကို ကိုယ့်မှာရှိတဲ့ အားနဲ့ပဲ ရင်ဆိုင်ရမယ်လို့ ကမ္ဘာကြီးကို နိုင်ငံတကာကို ပြစ်တင်ပြောဆိုတဲ့ နိုင်ငံရေးခေါင်းဆောင် တချို့ရှိတယ်။ သူတို့က ကမ္ဘာကြီးက မတရားဘူးလို့ ပြောချင်တာ။ သူတို့ပြောတာ မမှန်ဘူးလို့လည်း ပြောလို့မရဘူး၊ အချက်အလက်အရ မှားတာမဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာကြီးကို၊ နိုင်ငံတကာကို ကိုယ့်အကျိုးကိုသာ ကိုယ်က အဓိကကြည့်တဲ့ဘက်ကနေ ပြောတယ်ဆိုရင် သိပ်ပြီးတော့ ကိုယ့်အကျိုးကိုသာ ကိုယ်က အဓိကကြည့်တဲ့ဘက်ကနေ ပြောတယ်ဆိုရင် နိုင်ငံတကာအတွက် ဆွဲဆောင်မှုမရှိနိုင်ဘူး။”

“ICJ က ကမ္ဘာ့တရားရုံးဖြစ်တယ်။ 1948 Genocide Convention ဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက နိုင်ငံအရေအတွက်အရ ပြောမယ်ဆိုရင် ၁၅၃ နိုင်ငံက လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ နိုင်ငံတကာဥပဒေဖြစ်တယ်။ ဒါကြောင့် ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး မြန်မာစစ်တပ် တပ်မတော်နဲ့ သူ့ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူဖို့ဆိုတာဟာ နိုင်ငံတကာဥပဒေအရ တာဝန်ရှိတယ်ဆိုတဲ့ ဘက်ကနေပြီးတော့ ချဉ်းကပ်စေချင်တယ်။ ဒါဆိုရင် နိုင်ငံတကာကို ပြောရတာလည်း ကောင်းသွားတယ်။”

နိုင်ငံတကာဥပဒေ 

“နိုင်ငံတကာဥပဒေရှုထောင့်ကနေ နိုင်ငံတကာကို တင်ပြတာပဲဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေ ရှုထောင့်ကနေ ဒီ ၁၉၄၈ ခုနှစ် Genocide Convention ကို ကြည့်တဲ့အခါမှာ နှစ်ချက်တွေ့ရတယ်။ အဲဒီ Genocide Convention ဟာ လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ နိုင်ငံတွေတင်သာ လိုက်နာရမှာ မဟုတ်ဘူး။ သူက Customary International Law (နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ) ဖြစ်တယ်။ ဒါကြောင့် နိုင်ငံအားလုံးက ဒါကို လိုက်နာရမယ်၊ နိုင်ငံအားလုံးပေါ်မှာ စည်းနှောင်တယ်။ ခင်ဗျား လက်မှတ်ရေးထိုးအတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ခင်ဗျား လိုက်နာရမယ်။ သို့သော် လက်မှတ်ရေးထိုးအတည်ပြုတဲ့အခါကျမှသာ ခင်ဗျားကို တရားစွဲဆိုပိုင်ခွင့်၊ စွဲဆိုခွင့်ရှိတာပေါ့။ သို့သော်လည်း လိုက်နာရမှာကတော့ ခင်ဗျား လက်မှတ်ရေးထိုးအတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လိုက်နာဖို့ တာဝန်ရှိတယ်။”

အကျိုးဆက်နှင့် နိဂုံး

“ဒါကြောင့် နိုင်ငံတကာဥပဒေရှုထောင့်ကနေ အင်မတန်ပြင်းထန်ကြီးမားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်သွားတဲ့ ကာချုပ်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ သူ့ရဲ့ State Institution တိုင်းပြည်လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာမှာ ထိထိရောက်ရောက်တင်နိုင်မယ်ဆိုရင် တဖက်ကလည်း ICJ ကနေ ဆုံးဖြတ်ချက်ချပေးထားတယ်ဆိုရင် လောလောလတ်လတ်ပဲ ပြောကြပါစို့။”

“အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲမှာ ဆုံးသတ်သွားပြီဖြစ်တဲ့ ရွေးကောက်ပွဲအပေါ်မှာ အခြေခံပြီး ဘယ်လောက်ပဲ တရားဝင်တယ်ကြေညာဦးတော့၊ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး တက်လာခဲ့ပါတယ်ဆိုတဲ့ စစ်တပ် နိုင်ငံရေးပါတီအနေနဲ့ ဘယ်လောက်ပဲ တရားဝင်ကြောင်း ကြေညာဦးတော့၊ ICJ အနေနဲ့သာ ရိုဟင်ဂျာတွေအပေါ်မှာ အင်မတန်ပြင်းထန်ကြီးမားတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တယ်၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ နိုင်ငံရဲ့ တိုင်းပြည်အဆောက်အအုံတွေဖြစ်တဲ့ တပ်မတော်နဲ့ သူ့ရဲ့လုံခြုံရေးအဖွဲ့အစည်းတွေမှာ တာဝန်ရှိတဲ့ အနေအထားကို ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲရလဒ်က သဲထဲရေသွန်သလို ဖြစ်သွားမှာပဲ။”

“အခု ICJ က အမှုကို သွားနေစဉ်အတောအတွင်းမှာ Provisional Measures လို့ခေါ်တဲ့ လိုက်နာရမယ့် အချက်တွေ ချမှတ်ခဲ့တယ်။ စစ်တပ်က မြန်မာတပ်မတော်က မလိုက်နာခဲ့ဘူး။ လိုက်နာသယောင်တော့ အစီရင်ခံစာတွေ တင်တာပေါ့ဗျာ။ သို့သော် အဲလိုမဟုတ်ဘဲနဲ့ တကယ်တမ်းသာ ICJ က ဂမ်ဘီယာကို အနိုင်ပေးလိုက်ပြီး တနိုင်ငံလုံးရဲ့ တာဝန်ရှိမှုကို တဖက်ကပြောတယ်၊ တဖက်ကလည်း ဘာကြောင့် သူတို့တာဝန်ရှိသွားလဲဆိုတော့ မြန်မာစစ်တပ်တပ်မတော်ရဲ့ အင်မတန်ရက်စက် ရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်အောက်ကနေပြီးတော့ Patterns of Violence ပေါ့၊ အဲဒီလုပ်ရပ်အောက်ကနေပြီးတော့ တပ်မတော် ကျူးလွန်သွားတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သွားတယ်၊ Genocidal Intent မြောက်သွားတယ် ဆိုတဲ့ အချက်ကို ထောက်ပြပြီးတော့ နိုင်ငံတကာကို နိုင်ငံတကာဥပဒေရှုထောင့်ကနေ စည်းရုံးရှင်းပြမယ်ဆိုရင် များစွာအကျိုးရှိနိုင်မယ်။ နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေ ဘက်ပေါင်းစုံကနေ တိုက်ရိုက်တောက်လျှောက် ပေါ်လာနိုင်တယ်လို့ တင်ပြရင်းနဲ့ ဒီ နံပါတ် (၄) အပိုင်းကို နိဂုံးချုပ်ပေးပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

မေး - ဟုတ်ကဲ့ပါဆရာ။ အခုလို အချိန်ပေး ရှင်းပြ ဖြေကြားပေးတဲ့အတွက် DVB က ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013