
ပြည်သူ့စစ်မှုထမ်းဥပဒေအရ သက်တမ်းပြည့် စစ်မှုထမ်းပြီးရင် စစ်တပ်ကနေ ပြန်ထွက်ခွင့်ရဖို့အတွက် မရေရာတဲ့ အခြေအနေ ကြုံနေရတယ်လို့ စစ်မှုထမ်းနေသူတွေရဲ့ မိသားစုဆီက သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အစောပိုင်း အပတ်စဥ်တွေမှာ ပါဝင်ခဲ့သူတွေရဲ့ သတ်မှတ်စစ်မှုထမ်းကာလ ကုန်ဆုံးတော့မှာဖြစ်ပေမဲ့ ပြန်ထွက်ခွင့်ရမရ မသိရသေးသလို စစ်မှုထမ်းနေသူနဲ့ အဆက်သွယ်မရတာမျိုးတွေ ရှိနေတာလို့ မိသားစုဝင်တွေက ဆိုပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၁ မှာ ပါဝင်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်နေ မိသားစုဝင်တယောက်က “အဆွယ်ကောင်းပြီး စစ်မှုထမ်းထဲဝင်သွားတာ၊ နောက်ပိုင်း အဆက်အသွယ်လည်း မရဘူး။ နီးစပ်တဲ့ တပ်ကအရာရှိတွေဆီ ဆက်သွယ်စုံစမ်းတော့ သက်တမ်းပြည့်ရင် ထွက်ခွင့်ရမှာလား၊ မရဘူးလား ဆိုတာ သူတို့လည်း အတိအကျ မပြောနိုင်ဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေမှာထိခိုက်သေဆုံးဒဏ်ရာရမှုတွေ များနေတဲ့ စစ်ကောင်စီတပ်ကို အင်အားပြန်ဖြည့်တင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး ဧပြီလဆန်းမှာ အပတ်စဥ် ၁ ကို စတင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ရမဲ့ သက်တမ်းမှာ ၂ နှစ်ဖြစ်တဲ့အတွက် လာမဲ့ ဧပြီလကစပြီး အစောပိုင်း စစ်မှုထမ်းအပတ်စဥ်တွေမှာ ပါဝင်ခဲ့သူတွေရဲ့ သက်တမ်းပြည့်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စစ်မှုထမ်းကာလ ပြည်သူတွေကို ထွက်ခွင့်ပေးမယ်ဆိုပြီး ကတိပြုထားတာ ရှိမနေတဲ့အတွက် စစ်တပ်ကနေ ထွက်မရမှာကို မိသားစုက စိုးရိမ်နေကြတယ်လို့ သာကေတမြို့နယ်က စစ်မှုထမ်းတပ်သားတယောက်နဲ့ ဆွေမျိုးနီးစပ်တော်သူက ပြောပါတယ်။
“စစ်မှုထမ်းထဲပါသွားတဲ့ ကောင်လေးနဲ့ မိသားစုက အဆက်အသွယ်မရတာ ကြာပြီ။ နောက်ဆုံး အဆက်သွယ်ရတုန်းက ပြန်ထွက်ချင်နေပြီ၊ ထွက်လို့ရအောင် လုပ်ပေးဖို့ မှာသွားတယ် ပြောတယ်။ သတ်မှတ်ချက်အတိုင်းဆိုရင် သူက စစ်မှုထမ်းသက်တမ်းပြည့်ဖို့ သိပ်မလိုတော့ဘူး။ အခုက ပြောသာပြောရတာ အသက်ရှင်လျက် ရှိသေးရဲ့လားတောင် မသိဘူး။”
ဒါ့အပြင် စစ်မှုထမ်းထဲပါသွားသူ အများစုမှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေပြီး ဘယ်မှာတာဝန်ကျနေတယ် ဆိုတာလည်း စုံစမ်းလို့မရတာမျိုးတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ အချက်အလက်တွေအရဆိုရင် စစ်မှုထမ်းကာလကို ၂ နှစ် သတ်မှတ်ထားတာ ဖြစ်လို့ တာဝန်ထမ်းဆောင်တာ ပြီးမြောက်လို့ တရားဝင်နုတ်ထွက်ခွင့်ရကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှေ့တန်းစစ်မျက်နှာမှာ အင်အားချည့်နဲ့နေတဲ့ စစ်တပ်ကို အားဖြည့်ဖို့သက်သက် စစ်မှုထမ်းဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတဲ့ လူငယ်စစ်မှုထမ်း တပ်သားသစ်တွေဟာ အိမ်ပြန်နိုင်ဖို့ အရေးက မရေမရာ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “အဲဒီ တိုက်ပွဲအမြင့်ဆုံးကာလတွေ ရှေ့တန်းစစ်ဆင်ရေးတွေမှာ အကျအဆုံး အများဆုံးကလည်း စစ်မှုထမ်းလူငယ်တွေပဲ ဖြစ်ခဲ့တယ်ပေါ့။ ဒီအပတ်စဉ်တွေဟာ တိုက်ပွဲအမြင့်ဆုံးကာလတွေနဲ့ တွေ့ကြုံခဲ့ရတယ်။ အထိအခိုက် အကျအဆုံးလည်း အများဆုံးဖြစ်တယ်ဆိုတော့ ဒီအစောဆုံးအပတ်စဉ် ၂ ခုကတော့ အရေအတွက်ဒေတာ တိတိကျကျ မသိရပေမဲ့လို့ အကျအဆုံး အများစုဟာ ဒီကလူငယ်တွေ ဖြစ်တယ်။ ပုံဖော် ဝါဒဖြန့်ဖို့အတွက် အဲဒီထဲက အနည်းစုလောက်ကို နုတ်ထွက်ခွင့်ပေးတာမျိုး၊ ပြည်ပအလုပ်အကိုင်တွေကို ပို့ဆောင်ပေးတာမျိုး သူတို့ဆက်စပ်တဲ့ထဲက တချို့ကို လုပ်ကောင်း လုပ်လာနိုင်ပါတယ်။ နောက်တချက်က ဒီလူငယ်တွေဟာ နေရာဒေသအသီးသီး၊ စစ်မျက်နှာပြင် အသီးသီးမှာ ရောက်ရှိနေကြတာ ရှိနေနိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေကို တိုက်ပွဲစစ်မြေပြင်ဇုန်ကနေ ဆွဲထုတ်ပြီး နုတ်ထွက်ခွင့်ပေးမယ် ဆိုတာ စစ်ကောင်စီအတွက်က အဲဒီလောက် အလေးအနက်ထား လုပ်ပေးဖို့ ရှိမနေဘူး၊ ယုံကြည်ဖွယ်ရာ သိပ်မရှိဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထုတ်ပြန်ပြီး မကြာခင်ကာလတွေမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူ လူငယ်တွေက သက်တမ်းတို စစ်ရေးလေ့ကျင့်သင်တန်းတွေ တက်ရောက်ပြီး ရှေ့တန်းကို ပို့ဆောင်ခဲ့ရပါတယ်။
ခေါ်ဆောင်စဉ်တုန်းကတော့ နောက်တန်းဌာနချုပ် လုံခြုံရေးတာဝန်သာ ထမ်းဆောင်ရမယ်လို့ လိမ်လည်ခေါ်ဆိုခဲ့တာဖြစ်ပြီး အမှန်တကယ်မှာတော့ ရှေ့တန်းစစ်မျက်နှာပြင်တွေထိ ပို့ဆောင်ခဲ့တာကြောင့် စစ်ရေးနဲ့ အတိုက်အခိုက် ကျွမ်းကျင်မှုမရှိတဲ့ မြို့ပေါ်ကလူငယ်တွေ အများအပြား ကျဆုံးခဲ့ကြရပါတယ်။
နီးစပ်သူတယောက်က “စစ်မှုထမ်းအပတ်စဉ် ၁၊ ၂ မှာ ပါသွားတဲ့ ရပ်ကွက်ထဲက လူငယ်တော်တော်များများက သေသွားတာများတယ်။ သေသွားတာလည်း ချက်ချင်းအကြောင်းမကြားဘူး။ တလ နှစ်လလောက်နေမှ အကြောင်းကြားတယ်။ အပတ်စဉ် ၁ နဲ့ ၂ မှာက ရပ်ကွက်ထဲမှာ တော်တော်များများပါတယ်။ ၅ ယောက် ၆ ယောက်လောက် ရှိတယ်။ သေသွားတာပဲ၊ ဘာမှ ခံစားခွင့်ပေးတာလည်း မရှိပါဘူး။ သေတာတောင် သက်ဆိုင်တဲ့သူတွေကို ချက်ချင်းအကြောင်းကြားတာ မဟုတ်ဘူး။ ကလေးတယောက်ဆို လားရှိုးမြို့သိမ်းတိုက်ပွဲမှာ သေသွားပြီးတော့ တလလောက်ပေါ့၊ တလပြည့်ဖို့ ၂ ရက်အလိုမှာ အကြောင်းကြားတာ။ အဲဒါနဲ့ မိသားစုလည်း ၇ ရက် ရက်လည်ရော တလပြည့်ရော အဲဒီတော့မှပဲ ပေါင်းပြီး လုပ်လိုက်ရတာပေါ့” လို့ ပြောပါတယ်။
တချို့ စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေကတော့ အခုတိုင် အဆက်အသွယ်မရဘဲ ရှိနေကြောင်းနဲ့ ဘာသတင်းအစအနမှ စုံစမ်းလို့ မသိရှိရကြောင်း မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ သက်တမ်းပြည့်သူတွေကို ထွက်ခွင့်မပေးရင် နောက်ထပ် စစ်မှုထမ်းခေါ်ရာမှာ ခက်ခဲသွားနိုင်တဲ့အတွက် အတင်းအကျပ် တားဆီးနိုင်ခြေ နည်းပြီး ရာထူးနဲ့ ခံစားခွင့်တွေ တိုးပေးပြီး ဆွဲဆောင်တဲ့နည်းလမ်း သုံးတာမျိုးတွေ လုပ်လာနိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်သူတွေက ခန့်မှန်းထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် တခုကို အင်အား ၅,၀၀၀ နှုန်းနဲ့ ဖွင့်တာဖြစ်ပြီး အပတ်စဥ် ၂၁ အထိ ဖွင့်ထားတဲ့အတွက် စစ်မှုထမ်းအင်အား ၁ သိန်းထက်မနည်း မွေးထုတ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်သင်တန်းဆင်းပြီးတာနဲ့ ရှေ့တန်းပို့ခံရတဲ့အတွက် သေဆုံး၊ ဒဏ်ရာရတာ၊ တော်လှန်ရေးအင်အားစုတွေဆီ ဘက်ပြောင်းခိုလှုံတာ၊ စစ်တပ်ကနေ ထွက်ပြေးသွားတာတွေကြောင့် အင်အားပြုန်းတီးသွားတာတွေ ရှိနေတယ်လို့လည်း စစ်ရေးသတင်းတွေအရ သိရပါတယ်။
ဝေဝေ/MM


