
တီမောလက်စ်တေ သံရုံး ယာယီတာဝန်ခံကို မြန်မာစစ်ကောင်စီက နှင်ထုတ်လိုက်တာဟာ တရားစွဲဆိုမှုကို တုံ့ပြန်တဲ့ အနိုင်ကျင့်လုပ်ရပ်တခုဖြစ်တယ်လို့ Myanmar Accountability Project (MAP) ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာဂန်းနက်စ်က DVB ကို ပြောပါတယ်။
Chin Human Rights Organization (CHRO) တင်သွင်းထားတဲ့ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု စွဲချက်တွေကို စစ်ဆေးဖို့ကိစ္စ တီမောလက်စ်တေ အာဏာပိုင်တွေက လက်ခံလိုက်တဲ့အပေါ် စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ခရစ္စတိုဖာဂန်းနက်စ်က “ဒီလို စွက်ဖက်မှု၊ အနိုင်ကျင့်မှုတွေ လုပ်ပေမဲ့လည်း တီမောလက်စ်တေဘက်က လျှော့ပေးမယ်မထင်ပါဘူး။ ဒါက ဒီလီမှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ပိုမိုခိုင်မာလာစေလိမ့်မယ်” လို့ ပြောပါတယ်။
တီမောအစိုးရအနေနဲ့ တရားမျှတမှုရဖို့ ပိုတောင် အားထုတ်ကြိုးပမ်းလာလိမ့်ဦးမယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ တီမောလက်စ်တေ သမ္မတဘက်က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲပြီး ရန်ကုန်မှာရှိတဲ့ တီမောလက်စ်တေ သံရုံး ယာယီတာဝန်ခံကို ဖေဖော်ဝါရီ ၂၀ ရက် မတိုင်ခင် နိုင်ငံကနေ ထွက်ခွာခိုင်းထားပါတယ်။
တီမောလက်စ်တေဘက်ကတော့ စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုမှုကို လက်ခံအမှုဖွင့်ထားပြီး စစ်ဆေးရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ စစ်ကောင်စီက အခုလို ထွက်ခွာခိုင်းခဲ့တာ ဖြစ်ပါတယ်။


