Home
မြန်မာသတင်း
၂၀၁၅ လွှတ်တော်မှတ်တမ်းများကို မီးရှို့ဖျက်ဆီးရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
February 15, 2026

၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လွှတ်တော်မှာ ဆွေးနွေးထားတဲ့ မှတ်တမ်းတွေကို မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်ကို ဖေဖော်ဝါရီ ၁၀ ရက်က ညွှန်ကြားခဲ့တာဖြစ်ပြီး ဘယ်လိုမှတ်တမ်းမျိုးတွေ မီးရှို့ရမယ်ဆိုတာကိုတော့ သေချာမသိသေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။

“စစ်တပ်က ၂၀၁၅ လွှတ်တော်မှတ်တမ်းတွေ မီးရှို့ဖို့ ညွှန်ကြားပြီးပြီ။ ဒါပေမဲ့ မှတ်တမ်းအကုန်လား၊ ဒါမှမဟုတ် သူတို့ မီးရှို့ဖျက်ဆီးစေချင်တဲ့ မှတ်တမ်းမျိုးလားဆိုတာပဲ အတိအကျ မသိသေးတာ။ ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းရလဒ်တွေပြီးတော့ ၂၀၁၅ ဘက်ကို လှည့်လာတာ”

စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်ကို ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ‘၂၀၁၅ လွှတ်တော်တွင် မေးမြန်းဆွေးနွေးထားသော မေးမြန်းချက်၊ ပြန်လည်ဖြေကြားမှုနှင့် မဲခွဲဆုံးဖြတ်ချက် မှတ်တမ်းများမှာ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်နေပြီဖြစ်၍ စနစ်တကျ မီးရှို့ဖျက်ဆီးရန်’ လို့ ပါရှိကြောင်း သူက ပြောပါတယ်။

နေပြည်တော် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တို့မှာလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို နေ့တိုင်းမီးရှို့နေပြီး ဓာတ်ပုံရိုက်ကူးခွင့်ပိတ်ထားတယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။

“နေပြည်တော် ၈ မြို့နယ်မှာ ရွေးကော်က နေ့စဉ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို မီးရှို့တာတွေလုပ်နေတယ်။ ထူးခြားတာက ပါဝင်တဲ့အဖွဲ့အစည်းတွေကို ကြည့်ခွင့် ဓာတ်ပုံရိုက်ခွင့် မပေးဘူးဆိုတော့ လွှတ်တော်မှတ်တမ်းတွေ မီးရှို့တာလည်း ဖြစ်နိုင်တယ်။”

နိုင်ငံအတွက် အရေးကြီးတဲ့စီမံကိန်းတွေ၊ ဥပဒေတွေနဲ့ အဆိုပြုချက်၊ မေးမြန်းချက်နဲ့ မဲခွဲဆုံးဖြတ်ချက်တွေကို စစ်တပ်က ဖျောက်ဖျက်ချင်လို့ အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာတော့ ဖေဖော်ဝါရီ ၄ ရက်ကစလို့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေနဲ့ အချက်အလက်တွေကို ဖျက်ဆီးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးကညွှန်ကြားခဲ့ပြီး မြိုနယ်ကော်မရှင်အဖွဲ့ခွဲကို စစ်တပ်သြဇာခံကော်မရှင်အဖွဲ့က ညွှန်ကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013