
ပြည်ထဲရေးဝန်ကြီး တာဝန်ကနေ အနားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို နေပြည်တော်မှာ စစ်ခုံရုံးဖွဲ့ပြီး အဂတိပုဒ်မတွေနဲ့ စစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက စစ်ခေါင်းဆောင် ၂ ယောက်ကို တိုင်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်မှာ ပြည်ထဲရေးဝန်ကြီးရာထူးကနေ အနားပေးကာ စစ်ဘက်ကို ပြန်ခေါ်ပြီး ခုံရုံးဖွဲ့ စတင်စစ်ဆေးခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကနဦးအမှုက သွင်းကုန်ထုတ်ကုန်ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်ရှင်တွေဆီက ငွေသိန်းသောင်းနဲ့ချီပြီး ယူထားတဲ့ကိစ္စကို လုပ်ငန်းရှင်တွေက တပ်ချုပ်နဲ့ ဒုချုပ်ကို တိုင်တာ။ ကျားဖြန့်ကိစ္စ ဆိုတာက နောက်ဆက်တွဲ ပေါ်လာတဲ့အမှု၊ သူတယောက်တည်းစစ်တာ မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ကျော်ကျော်လည်း ပါတယ်။ လတ်တလော ထွန်းထွန်းနောင်ကို အဂတိပုဒ်မနဲ့ ကနဦး စစ်ဆေးနေတယ်။”
စစ်ဆေးနေစဥ်ကာလအတွင်း ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို စစ်ဘက်ရာထူးကနေ ထုတ်ပယ်ထားပြီး စစ်ဘက်လုံခြုံရေးအရာရှိချုပ်ရုံးမှာ အကျယ်ချုပ်ထားတယ်လို့လည်း သူက ရှင်းပြပါတယ်။
ဒီလိုတိုင်ကြားမှုတွေကြောင့် ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို ဇန်နဝါရီ ၂၇ ရက်က ပြည်ထဲရေးဝန်ကြီးတာဝန်ကနေ အနားပေးခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို ခန့်ခဲ့သလို ဇန်နဝါရီ ၂၃ ရက်ကလည်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို တာဝန်ကနေ အနားပေးပြီး ဗိုလ်ချုပ်မင်းသူကို ခန့်ခဲ့တာ ဖြစ်ပါတယ်။
DSA ၂၅ ကျောင်းဆင်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဟာ မပခတိုင်းမှူး၊ ရကတတိုင်းမှူး၊ ကစထ ၁ မှူး တာဝန်တွေ ထမ်းဆောင်ခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်မှာ ပြည်ထဲရေးဝန်ကြီး ဖြစ်လာကာ တနှစ်ကျော်မှာ ရာထူးကနေ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှာ ရာထူးကနေ ဖယ်ရှားပြီး အဂတိပုဒ်မတွေနဲ့ စစ်ဆေးကာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။


