Home
မြန်မာသတင်း
ဘဏ်ငွေထုတ်မှု ထိန်းချုပ်သဖြင့် စီးပွားရေးလုပ်ငန်းများ အခက်တွေ့
DVB
·
February 13, 2026

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ အိမ်ခြံမြေ၊ ရွှေနဲ့ ဒေါ်လာ စတဲ့ ဈေးကစားတဲ့နေရာ‌တွေကို ငွေကြေး မရောက်အောင် ငွေကြေးထုတ်ယူမှုအပေါ် ထိန်းချုပ်တာတွေ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့ အခက်တွေ့နေရပြီး ဗဟိုဘဏ်ရဲ့ လုပ်ဆောင်မှုက ဘဏ်စနစ်အပေါ်ကို ပြည်သူတွေရဲ့ ယုံကြည်မှုသာ ပျက်ပြားစေတယ်လို့ ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနဲ့အတူ မြန်မာ့ရွှေဈေးကလည်း အခေါက်‌ရွှေတကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ ဘဏ်အတိုးတွေလည်း လျှော့ချထားတဲ့အချိန်မှာ ဒီလို ရွှေဈေးတက်လာတာကြောင့် ဘဏ်အပ်ငွေတွေကို ထုတ်ယူပြီး ရွှေဝယ်စုဆောင်းတာတွေ လုပ်လာတဲ့အတွက် စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ရွှေဈေးတက်တာကို ဟန့်တားဖို့ဆိုပြီး ငွေကြေးထုတ်ယူမှုအပေါ် ထိန်းချုပ်တာ‌တွေ လုပ်ဆောင်ခဲ့တယ်လို့ ပြည်တွင်းက ဘဏ်ဝန်ထမ်းတယောက်ဖြစ်တဲ့ ကိုမြင့် (အမည်လွှဲ) က ဆိုပါတယ်။

“ဗဟိုဘဏ်က ဘာလုပ်လဲဆိုတော့ လူတွေက ကြောက်ပြီးတော့ ငွေထုတ်ပြီးတော့ ရွှေတွေ ဝယ်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒါကြောင့်မို့လို့ ဆိုပြီးတော့ သူက မြန်မာငွေထုတ်တာကို အကန့်အသတ်နဲ့ လုပ်လိုက်တယ်။ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာ ဗဟိုဘဏ်က လုပ်တာ၊ ဗဟိုဘဏ်မှာ အပ်ထားတဲ့ပိုက်ဆံတွေ ရှိတယ်။ cash တွေကလည်း ဗဟိုဘဏ်မှာပဲ ရှိတာကိုး။ ဘဏ်တွေကို သူပေးတဲ့ဟာကို အကန့်အသတ်နဲ့ ပေးတာပေါ့နော်။ ဘဏ်တွေက ထုတ်ချင်တဲ့ amount တင်ရင် သူက အဲဒါရဲ့ ဆယ်ပုံပုံ တပုံလောက်ပဲ ထုတ်ပေးတော့၊ အဲ့တော့ ဘဏ်တွေကလည်း ပြည်သူတွေ ငွေလာထုတ်တော့ မထုတ်ပေးနိုင်ဘူး။”

ဒါ့အပြင် ပြည်တွင်းရွှေဈေး မတည်မငြိမ်ဖြစ်အောင် လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ ၃ ယောက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

စစ်တပ်က အဲဒီလို ဘဏ်ကနေ ငွေထုတ်တာကို ထိန်းချုပ်လိုက်တာ၊ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးလိုက်တာတွေကြောင့် ရွှေဈေးက ကျမသွားဘဲ ဖေဖော်ဝါရီ ၁၂ ရက် ရွှေဈေးတွေအရ ၁၆ ပဲရည် တကျပ်သားကို ကျပ် ၁၀၆ သိန်း ၈ သောင်း ရှိနေပါတယ်။

အဲဒီလို ရွှေဈေးကျမသွားပေမဲ့ ဘဏ်ကနေ ငွေထုတ်တာကို ထိန်းချုပ်လိုက်တဲ့အတွက် သက်ရောက်မှုတွေ ရှိနေပြီး နေ့စဉ် ငွေပေးငွေယူ လုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဘဏ်ကနေ ငွေသားထုတ်ယူဖို့ ခက်တာကြောင့် အခက်အခဲ ကြုံနေရတာပါ။ အဲဒီအထဲမှာ ရေထွက်ပစ္စည်းတွေကို နိုင်ငံခြားပို့တဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ရေထွက်ကုန်တင်ပို့တဲ့ လုပ်ငန်းရှင်တယောက်က “အမလေး ဒုက္ခရောက်ချက်ကတော့ ပြီးခဲ့တဲ့ အပတ်က KBZ ဘဏ်ကနေ သိန်း ၁,၄၀၀ ထုတ်ဖို့ကို သုံးရက်လောက် ထုတ်ယူရတယ်။ ဘဏ်ခွဲတွေ တခုပြီးတခု လှည့်ပြီးတော့ ဟိုဘဏ် ၁၀၀၊ ဒီဘဏ် ၂၀၀၊ အခု နောက်ဆုံးရတဲ့ သတင်းက တခါထုတ် သိန်း ၂၀၊ ၃၀ လောက်ပဲ ပေးတယ်ကြားတယ်။ ဦးတို့က အပတ်တိုင်း ငါးကုန်သည်တွေကို ငွေချေရတယ်လေ။ အကောင့်တခုကနေ နောက်အကောင့်ကိုတော့ ကြိုက်သလောက် လွှဲလို့ရတော့ တချို့ကိုတော့ အဲ့လိုလုပ်ရတာပေါ့။ cash ပေးရမဲ့ သူတွေအတွက်တော့ ငွေထုတ်ရတာ အကန့်အသတ်နဲ့ဆိုတော့ ဒုက္ခတော့ များတာပေါ့။ စပါယ်ရှယ်အကောင့်ဆိုရင် ထုတ်လို့ရတယ်ဆိုပြီး သူတို့ပဲပြောလို့ အကောင့်ဖွင့်ထားတာလေ၊ အခုကျမှ ထုတ်မရဘူးဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ သူတို့က အပြောတခြား၊ အလုပ်တခြား” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်တပ် ဗဟိုဘဏ်က ငွေသားထုတ်ယူ သုံးစွဲတာကို လျှော့ချနိုင်ဖို့ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို တိုးမြှင့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဆိုတာ ငွေသားထုတ်ယူပြီး သုံးစွဲတာမျိုးမလုပ်ဘဲ Kpay၊ Wave money စတာတွေကို သုံးပြီး အကောင့်အချင်းချင်း ငွေလွှဲ ငွေယူ လုပ်တာမျိုးကို ပြောတာပါ။

ဒါကရော လက်ရှိမှာ အဆင်ပြေပါရဲ့လား။ စစ်တပ်က ကန့်သတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အင်တာနက်လိုင်း အခြေအနေတွေကြောင့် ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲဖို့ကလည်း ဘယ်လိုမှ အဆင်မပြေဘူးလို့ ကိုမြင့်က ဆိုပါတယ်။

“Digital Payment ကို ဦးစားပေးပြီး လုပ်မယ်ပြောတယ်လေ။ ဦးစားပေးမယ် ဆိုပေမဲ့လည်း ဒီမှာ infrastructure က အင်တာနက်က stable မဖြစ်တာရယ်၊ နောက်ပြီး system တွေကလည်း weak ဖြစ်နေသေးတာကွာ။ ဆိုတော့ အဲ့အပေါ်မှာလည်း ကြာဦးမှာ။ သူတို့က MMQR နဲ့ လုပ်တော့ လုပ်တယ်။ ဒါပေမဲ့ နေရာတိုင်းမှာက လက်မခံနိုင်သေးဘူးကွာ သိလား”

ဘဏ်တွေကနေ ပြည်သူတွေ ငွေထုတ်ရတာ အကန့်အသတ်တွေ ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် Kpay၊ Wave Pay တွေမှာ ငွေထုတ်ခ ရာခိုင်နှုန်းများများနဲ့ ကောက်ခံလာတာတွေ ထပ်ဖြစ်လာနိုင်ပြီး ပြည်သူတွေပဲ နစ်နာမှာဖြစ်သလို ဘဏ်တွေအပေါ်မှာလည်း ယုံကြည်မှု ကင်းမဲ့သွားနိုင်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဘဏ်တွေကနေ ငွေထုတ်ယူမှု ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် စပါယ်ရှယ်ဘဏ်အကောင့်တွေ ဖွင့်ပါက နေ့တိုင်း ငွေထုတ်ယူနိုင်တဲ့ စနစ်ကို ဘဏ်တွေက ပြောင်းလဲခဲ့ပါတယ်။

အဲလို ပြောင်းလဲပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းကလည်း ဘဏ်တွေက ငွေထုတ်ယူမှုတွေကို အကန့်အသတ်နဲ့ ပြုလုပ်လာသလို Kpay နဲ့ Wave Pay ငွေထုတ်ခတွေလည်း မြင့်တက်လာခဲ့ပြီး ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013