
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒေသခံ မွတ်စလင်ရွာတာဝန်ခံ အပါအဝင် အမျိုးသား အယောက် ၃၀ လောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရား ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က စစ်ကောင်စီတပ်နဲ့ စရဖ ပူးပေါင်းအဖွဲ့ ကားနဲ့ရောက်လာပြီး ကျေးရွာတာဝန်ခံ လူကြီးတယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်သားတွေ ကားနဲ့ရောက်လာတယ်၊ ပြီးတော့ ရွာတာဝန်ခံအိမ်ကိုသွားပြီး တခါတည်း ဖမ်းဆီးသွားတယ်။”
စစ်ကောင်စီ မတရားဖမ်းဆီးသွားတဲ့ သူကတော့ ဘုမေအုန်းတောရွာတာဝန်ခံ ဦးရှော်ဘီ ဖြစ်ပြီး သူ့ကို အာရက္ခတပ်တော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၈ ရက် မနက် ၁၁ နာရီလောက်မှာ စစ်တွေ စရဖရုံးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စရဖ ပူးပေါင်းကာ ဖေဖော်ဝါရီ ၆ ရက်က စစ်တွေမြို့နယ် သဲချောင်းရွာ၊ ဒါးပိုင်ရွာဟောင်း၊ ချောင်းလက်သမားရွာနဲ့ ဆာမညှာရွာ စတဲ့ ရွာ ၄ ရွာက အမျိုးသား ၂၈ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ စစ်တွေဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဖမ်းဆီးသွားတဲ့လူတွေက အဲဒီရွာတွေမှာဆို ဖေသာ (ငွေ) အချမ်းသာဆုံးလူတွေပါ။ သူတို့က AA ကို ငွေထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာပါ။”
အာရက္ခတပ်တော် (AA) ကို ငွေကြေးထောက်ပံ့မှုနဲ့ ဆက်စပ်တယ်ဆိုပြီး ကျေးရွာ ၄ ရွာက ဒေသခံ စီးပွားရေးသမား ၂၈ ယောက်ကို စစ်ကောင်စီက မတရားစွပ်စွဲပြီး စရဖရုံးမှာ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ ကျေးရွာ ၄ ရွာက အမျိုးသား ၂၈ ယောက်ကို ဖမ်းဆီးပြီးနောက် တဆက်တည်း မှန်စီခွဆုံရွာက ဦးမောင်ကျော် (ခ) ကာစိန်ရဲ့ သား ကိုချစ်ဆွေ (၄၀ နှစ်) ကိုလည်း ဖမ်းဆီးဖို့ နေအိမ်မှာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမခံဘဲ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုချစ်ဆွေနဲ့အတူ ထွက်ပြေးသွားသူတွေကို စစ်ကောင်စီက ပစ်မိန့်ထုတ်ထားကြောင်း ဒေသခံ မွတ်စလင်တွေထံက သိရပါတယ်။
စစ်တွေ၊ ပေါက်တော ပင်လယ်ပြင်မှ ရေလုပ်သားတွေအပါ ဒေသခံပြည်သူတွေကို ဥပဒေနဲ့ခြိမ်းခြောက်ပြီး အကြောင်းမျိုးမျိုးပြကာ ဇန်နဝါရီလအတွင်းကလည်း ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ စစ်တွေမြို့ခံတွေ ပြောကြားချက်အရ သိရပါတယ်။


