Home
ရုပ်သံ
မိုးကုတ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက အုပ်ချုပ်ရေး မဖော်ဆောင်နိုင်သေး
DVB
·
February 10, 2026

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်တပ်က နေအိမ်ချိပ်ပိတ်တာနဲ့ ငွေကြေးကောက်ခံနေသလို Non-CDM ဝန်ထမ်းတွေလည်း ရောက်ရှိနေပေမဲ့ အုပ်ချုပ်ရေးယန္တရား မဖော်ဆောင်နိုင်သေးဘဲ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ ရှမ်းပြည်နယ်ထဲက မိုးမိတ်မြို့တွေကို တအာင်းတပ် TNLA ဆီက ပြန်ရအပြီး အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာပါ။

အဲဒီနောက်ပိုင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို မကြာခဏ ခံနေရတဲ့အတွက် မိုးကုတ်မြို့ထဲကို အင်အားတွေ အများအပြား ဖြည့်တင်းထားခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကစလို့ Non-CDM ဝန်ထမ်းတွေကို အသုတ်လိုက်ခွဲပြီး မြို့ထဲကို ပြန်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၉ ရက်အထိ မိုးကုတ်မြို့နယ်ထဲ ထိတွေ့မှုတွေ ရှိနေတာကြောင့် အုပ်ချုပ်ရေး ဖော်ဆောင်ဖို့အတွက် အတော်ရုန်းကန်ရလိမ့်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ခံ အမျိုးသားတယောက်က “မလည်သေးဘူး၊ ဝင်တာတော့ဝင်တယ်၊ ဒါပေမဲ့ လှုပ်ရှားတာ လုံးဝမတွေ့ရဘူး။ လူစုံတော့ မေးကြည့်တော့ နည်းနည်း သန့်ရှင်းအောင် လုပ်နေကြတယ်လို့ ပြောတယ်။ ဒီလောက်ပဲ။ မြို့အထွက်လေးတွေမှာတော့ ရဲတော့ တွေ့ရတယ်။ ရဲတွေထိုင်ပြီဆိုရင်တော့ ပိုက်ဆံကတော့ လာထား ဖြစ်သွားပြီလေ။ ဖော့တောမှာလည်း ရဲရှိတယ်။ သူတို့ တော်တော်ရုန်းကန်ရလိမ့်မယ်ထင်တယ်။ ဘာလို့ဆို‌‌တော့ သူတို့ကို အချိန်မရွေး နှောင့်ယှက်နိုင်တဲ့ အနေအထား ရှိတဲ့အခါကျတော့လေ” လို့ ပြောပါတယ်။

မိုးကုတ်မှာ အုပ်ချုပ်ရေး မထူထောင်နိုင်သေးတဲ့ စစ်တပ်က မြို့ထဲက နေရာတချို့မှာ ဆိုင်ကယ်လိုင်စင်စစ်ပြီး ငွေတောင်းခံတာနဲ့ မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ကြားမှာ ဂိတ်ဖွင့်ပြီး ငွေတောင်းခံနေတာကြောင့် ဒေသခံတွေ သွားလာရေး အခက်တွေ့နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ချောင်းကြီးနဲ့ ရှမ်းကုန်းစံရွာတွေဘက်မှာ ဒီနေ့ချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်းနဲ့ ဖေဖော်ဝါရီ ၈ ရက်က လက်နက်ကြီးသံတွေ ကြားခဲ့ရသလို ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ လေယာဉ်တွေဝဲပြီး မနက်ပိုင်းက လက်နက်သံသဲ့သဲ့ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်နဲ့နီးစပ်သူ မိုးကုတ်မြို့ခံတယောက်က “အိမ်တွေလည်း ချိပ်ပိတ်ခံရတယ်ဗျ။ ကျနော် သိသလောက်တော့ ၃ အိမ် ရှိတယ်ဗျ။ မင်းတံတားက နေဝင်းနီ လက်ဖက်ရည်ဆိုင်၊ လမင်းဝါ အရက်ဆိုင်၊ ရှမ်းတောထဲကအိမ်ရယ်၊ မိုးကုတ်ဗျူဟာ အကြီးပိုင်းနဲ့ မိုးကုတ် ပကဖ ခေါင်းဆောင်ပိုင်းရဲ့ အိမ်တွေဗျ။ ပစ္စည်းတွေဝင်ယူတာလည်း ရှိတယ်။ တိုက်ပွဲကတော့ ၉ ရက်နေ့ မနက်ပိုင်းကတော့ ရှမ်းကုန်းဘက်ကနေ လက်နက်ကြီးသံ တိုးတိုးကြားရတယ်။ မြို့ထဲကို ကင်းထောက်တာတွေ ဒရုန်းဝဲတာတွေလည်း ရှိတယ်ဗျ” လို့ ပြောပါတယ်။

ဒါ့အတူ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်တပ်က ၉ ရက်နေ့ မနက်ပိုင်းမှာ ချောင်းကြီးရွာဘက်ကို စစ်ကြောင်းထိုး တပ်အင်အားဖြည့်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေက မြို့ပြင်မှာပဲ ဖြစ်ပွားလေ့ရှိတာကြောင့် မိုးကုတ်မြို့ထဲမှာတော့ ပုံမှန်အတိုင်း လည်ပတ်နေကြပြီး နေရပ်စွန့်ခွာသူမရှိသလို ထပ်ပြီး ဝင်ရောက်လာသူတွေကိုလည်း မတွေ့ရဘူးလို့ သိရပါတယ်။

မိုးမိတ်ဘက်အခြမ်းမှာတော့ မြို့ထဲနေထိုင်သူ သိပ်မရှိသေးလို့ စစ်တပ်က အုပ်ချုပ်ရေး ထူထောင်နိုင်တာ မရှိသေးသလို တိုက်ပွဲတွေလည်း ဖြစ်လေ့ရှိတဲ့အကြောင်း သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013