Home
မြန်မာသတင်း
စစ်မှုထမ်း အပတ်စဉ် ၂၁ အတွက် အဝေးပြေးကားများပေါ်အထိ အဓမ္မ စစ်သားစုဆောင်းနေ
DVB
·
February 9, 2026

စစ်မှုထမ်း အပတ်စဉ် ၂၁ စတင်နေပြီဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ အဝေးပြေးကားတွေပေါ်မှာပါ ပေါ်တာဆွဲ ဖမ်းဆီးမှု များနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာတော့ အခု ဖေဖော်ဝါရီလအတွင်း လူငယ် အယောက် ၅၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ပေါ် လူစည်ကားရာနေရာတွေဖြစ်တဲ့ ကားကြီးဝင်းရှေ့၊ ဆုတောင်းပြည့်ကွေ့၊ စက်မှုဇုန်လမ်း၊ သက္ကယ်တန်း ချောင်းတံတား၊ ရွှေဘို-ရေဦးလမ်း၊ ရွှေဘို-ဆိပ်ခွန်လမ်းအထွက် ဝါစက်ရုံနားနဲ့ ရွှေဓားကျောင်းရှေ့လမ်းတွေမှာ အများဆုံး ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာတော့ ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်တဲ့ အသက် ၁၈ နှစ်ကနေ ၄၀ အကြား အမျိုးသားတွေကို အဓိကထား ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့သူတွေကိုတော့ အရင်လို ငွေနဲ့ပြန်လည်ရွေးယူမှာစိုးတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ်မပေးဘဲ စစ်ကောင်စီတပ်သားတွေက မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကို ခေါ်ဆောင်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“လမ်းဆုံလမ်းခွတွေတို့ ရွှေဘိုမြို့အထွက်တွေ ပတ်ကင်းနဲ့ မိပြီးတာနဲ့ သူတို့က မုံရွာ နမခ ပို့တာလေ။ ရှောင်တခင် ဝင်ဖမ်းတာ၊ အမြဲတမ်းတော့ မဟုတ်ဘူး၊ ပိုက်ဆံနဲ့လည်း လိုက်ရွေးလို့မရဘူး။ သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့လည်း ပေးမတွေ့ဘူး။ အရွယ်ကောင်းလေးတွေကတော့ အလုပ်မတက်ရတော့ဘူးပေါ့။ ကိုယ့်နယ်ကိုယ်ပြန်ပြီး ရရာအလုပ် လုပ်ကြတာ၊ မြို့ပေါ်မှာ နေတဲ့သူလောက်ပဲ နေကြတာပေါ့။”

ရွှေဘိုမြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိသလို မုံရွာ-ရန်ကုန် ပြေးဆွဲနေတဲ့ အဝေးပြေးကားတွေကို တားကာ ပေါ်တာဆွဲတာတွေ ရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

အဝေးပြေးကားပေါ်မှာ လိုက်ပါတဲ့ ခရီးသည်စာရင်းကို ကားသမားတွေက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို ပေးပို့ရတဲ့အတွက် ယောကျ်ားလေး လူဦးရေများတဲ့ ကားတွေကို လမ်းမှာတားပြီး ဖမ်းဆီးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ မီးပွိုင့်အနီးမှာ စစ်ကောင်စီတပ်သားတွေက အဝေးပြေးကားကိုတားပြီး လူငယ်အမျိုးသားတွေအား ဖမ်းဆီးခဲ့တာလို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ခရီးသည်တယောက်က ပြောပါတယ်။

“မနေ့ကပြန်လာတဲ့ အချိန်မှာတော့ စစ်ကိုင်းမီးပွိုင့်နားမှာ အန်တီတို့လည်း အဲဒီနားရောက်ရော အိမ်စီးကားတွေ ၇ စီး၊ ၈ စီးလောက်ရှိတယ်၊ တောက်လျှောက်ကြီး ပိတ်ရပ်ပြီးတော့ ပေါ်တာဆွဲတော့တာပဲ။ ပေါ်တာဆွဲမယ်ဆိုလို့ရှိရင် အမတို့ကားက မိန်းကလေးတွေချည်းပဲ ပါတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ လှမ်းပြောလိုက်တာ။ ပြောလိုက်ပြီးတဲ့အခါကျတော့ ကျန်တဲ့ကားတွေက သူတို့ရောက်တဲ့နေရာမှာပဲ ရပ်နေလိုက်ကြတော့တာ၊ ရှေ့ကိုဆက်ပြီးတော့ မသွားကြတော့ဘူးလေ၊ ယောကျ်ားလေး ပါတဲ့ကားကျတော့ သူတို့ အဲ့မှာ ဆွဲတယ်ဆိုရင် အလွန်ဆုံး ၂ နာရီဆွဲပြီး သူတို့ရသွားပြီဆို ပြန်သွားကြတာ။”

အမျိုးသားတွေအနေနဲ့ ခရီးသွားတဲ့အခါ တယောက်တည်း ခရီးသွားတာထက် အမျိုးသမီးအဖော်နဲ့ ခရီးသွားလာကြဖို့လည်း ကားဂိတ်တွေက အကြံပေးကြပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာတော့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လစဉ် ငွေကျပ် ၁၅,၀၀၀ ကနေ ၁၅၀,၀၀၀ အထိ ကျေးရွာအလိုက် စစ်မှုထမ်းကြေး ထည့်ဝင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေမှာတော့ အလုပ်အကိုင်ရှားပါးမှုကြောင့် ပုံမှန်ဝင်ငွေမရှိပေမဲ့ ငွေချေးငှားပြီး စစ်မှုထမ်းကြေး ပေးဆောင်နေပေမဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကလည်း ပိုများလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ကျေးရွာတွေထဲ ဝင်ရောက်ဖမ်းဆီးတဲ့အတွက် အိမ်မှာရှိတဲ့ မိသားစုဝင်တွေ ပေါ်တာအဆွဲခံရမှာ စိုးရိမ်နေရပြီး ညအချိန်တွေမှာ ကောင်းကောင်းမအိပ်ရဘူးလို့ မော်လမြိုင်ကျွန်းမြို့က ဒေသခံတယောက်က ပြောပါတယ်။

“ကျမတို့ဆီမှာတော့  စစ်မှုထမ်းလိုက်ချင်လိုက်၊ မလိုက်ရင် ပိုက်ဆံကောက်မယ်ဆိုပြီး ကျမတို့ဆီမှာ ၁ သိန်းခွဲကောက်တယ်။ ပထမတခါတုန်းက ၂ သောင်းခွဲ ၃ သောင်း တောင်းတယ်။ နောက်ပိုင်းကျတော့ ပိုက်ဆံလည်းထည့်တယ် လူလည်းခေါ်တယ်။ ကိုယ်လည်း မပြေလည် မရှိဘူးပေါ့၊ မရှိတော့လည်း ကြောက်တော့ ထည့်ရတာပေါ့။ ကျမတို့မှာ မောင်လေးတွေ သားလေးတွေ ရှိတော့ တအိမ်တည်းမှာ ၄ ယောက်၊ ၅ ယောက် စုပြီးတော့ မနေရဲတော့တဲ့ပုံစံ ဖြစ်နေတယ်။ ပိုက်ဆံက မထည့်ရင်လည်း အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သားတွေနဲ့ ခြိမ်းခြောက်ခံရလို့ ကျမတို့မှာ ကြောက်လို့ ထည့်ရပါတယ်။”

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းခဲ့ပြီး နောက်ပိုင်း အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှု ဖြစ်စဉ်ပေါင်း ၁,၇၆၃ ခု၊ တပ်သားသစ် စုဆောင်းခံရသူ စုစုပေါင်း  ၃၁,၇၂၉ ယောက် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013