Home
မြန်မာသတင်း
MNDAA ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ် စီစဥ်နေ
DVB
·
February 9, 2026

ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ပြန်ရခဲ့ပေမဲ့ နယ်မြေ အပြည့်အဝ မထိန်းချုပ်နိုင်တာကြောင့် MNDAA ကိုးကန့်တပ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်က စီစဥ်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဗိုလ်မှူးချုပ်အေးမင်းဦးနဲ့ စစ်ဘက်အရာရှိတွေ ပြုလုပ်တဲ့ အစည်းအဝေးမှာ လားရှိုးက ကျန်ရှိနေတဲ့ လက်ကျန် ကိုးကန့်တပ် MNDAA အဖွဲ့တွေကို တိုက်ထုတ်ဖို့ ပြောဆိုခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးနဲ့ပစ်တာ MNDAA အဖွဲ့တွေဆိုပြီး တပ်ဘက်က ပြောတယ်။ ဟိုပိတ် စံလောင်းဘက်မှာ MNDAA က တပ်စွဲထားတာကိုလည်း ထွက်သွားစေချင်တယ်။ တပ်က အင်အားလည်း ပြည့်လာပြီဆိုတော့ ကိုးကန့်တွေကို ပြန်တိုက်ဖို့ စီစဥ်နေတယ်။ လတ်တလောတော့ မဟုတ်ဘူး၊ မတ်လ စာမေးပွဲကြီးတွေပြီးမှ။”

တရုတ်နိုင်ငံ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလအတွင်းမှာ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်ရခဲ့ပေမဲ့ ကိုးကန့်တပ် MNDAA တွေက မြို့ပြင်မှာ ဆက်လက် တပ်စွဲထားတာကြောင့် စစ်ကောင်စီတပ်အနေနဲ့ နောက်ကျောမလုံဖြစ်နေကြောင်း မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“လားရှိုးက တပ်ကပြန်ရတယ်ဆိုပေမဲ့ ကိုးကန့်ရော တပ်ရော ပေါင်းပြီး အုပ်ချုပ်နေတဲ့ပုံစံပါ။ တပ်က အလုံးစုံ အာဏာမသက်ရောက်သေးဘူး။ တိုက်ပွဲတွေ ဘယ်တော့ပြန်ဖြစ်မလဲဆိုပြီး တွေးပြီး စိတ်ပူနေရတယ်။ အခုရက်ပိုင်း နှစ်ဖက်တပ်တွေ အင်အားဖြည့်တင်းနေတယ်။”

စစ်ကောင်စီဘက်က ဒီလိုစီစဥ်နေပေမဲ့ ကိုးကန့်တပ် MNDAA က ဇန်နဝါရီ ၂၅ ရက်က ဖမ်းဆီးထားတဲ့ အရာရှိ၊ စစ်သည် ၂၀၀ ကျော် ပြန်လွှတ်ပေးခဲ့သလို ဇန်နဝါရီ ၁၄ ရက်ကလည်း ၈၆ ယောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးအဖွဲ့တွေက ၂၀၂၄ ခု ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးမှာ ပါဝင်သူတွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို လာရောက်ကြဖို့ ၇၉ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့မှာ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013