
တော်လှန်ရေးတပ်တွေ ၅ လကြာလောက် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကချင်နဲ့ စစ်ကိုင်းအစပ်က ဗန်းမောက်မြို့တမြို့လုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေရှိတဲ့ နေရာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ အသေခံဒရုန်း အများအပြားကို အသုံးပြု တိုက်ခိုက်ကာ ထိုးစစ်ဆင်လာတာကို ခုခံဖို့ လက်နက်ခဲယမ်း မမျှတာကြောင့် မြို့ကို တော်လှန်ရေးတပ်တွေ ပြန်လက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကောင်စီနဲ့ SNA ပြန်ပြီး ထိန်းချုပ်သွားပြီး အဓိကတော့ စစ်ကောင်စီကနေ SNA ကို တောက်လျှောက် စစ်ရေးအကူအညီတွေ ပေးနေတာ။ အဲဒါကြောင့်မို့ တော်လှန်ရေးအင်အားစုဘက်က လက်နက်၊ အင်အား မမျှတာကြောင့် ဆုတ်ပေးလိုက်ရတာ။ SNA ချည်းပဲဆိုရင် တော်လှန်ရေးတပ်တွေက အေးဆေးပါပဲ။ အခုက စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ၊ အသေခံဒရုန်းတွေ၊ လေကြောင်းပစ်ကူတွေက တောက်လျှောက် ကူညီနေတာကြောင့် တော်လှန်ရေးအင်အားစုက ပြန်ဆုတ်ပေးခဲ့ရတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်မှာ မြို့အရှေ့ခြမ်းက ရပ်ကွက် ၃ ခု၊ မြို့တော်ခန်းမနဲ့ ပြည်သူ့ဆေးရုံနေရာတွေကို SNA ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် အရှေ့ခြမ်းက အောင်သာကုန်းရပ်ကွက်မှာ တပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ ကျန်တဲ့ရပ်ကွက်တခုကို အပြီးသိမ်းယူသွားတာလို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ပြန်သိမ်းသွားတာ ဟုတ်တယ်။ တိုက်ပွဲကတော့ ဆက်ရှိ နေတယ်။ အဓိက ခဲယမ်းမလုံလောက်လို့ ပြန်ဆုတ်ပေးလိုက်ရတာ”လို့ DVB ကို ပြောပါတယ်။
ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ပြန်လည်သိမ်းပိုက်လိုက်တယ်လို့လည်း SNA ဘက်ကလည်း မနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံတယောက်က “အခုထိတော့ မြို့ထဲ ပြန်ဝင်မရသေးဘူး။ တိုက်ပွဲတွေကတော့ ဆက်ရှိနေတုန်းပဲ။ ဒေသခံတွေ တိမ်းရှောင်နေရတာ ၅ လ လောက်တော့ရှိနေပြီ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလထဲမှာ ဗန်းမောက်မြို့ကို ကချင်လွတ်မြောက်တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ထိန်းချုပ်ခဲ့ပေမဲ့ မြို့အနောက်ခြမ်းကိုတော့ ဆက်ပြီး မသိမ်းယူနိုင်ခဲ့ပါဘူး။
မြို့အနောက်ခြမ်းက တောအုပ်ထဲအထိ ဆုတ်ခဲ့ရဲ့ SNA တပ်ဟာ စစ်ကောင်စီရဲ့ စစ်ရေးအကူညီနဲ့ အင်းအားပြန်လည် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်ကာ အခုအခါ မြို့တမြို့လုံးကို ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။
စစ်ကောင်စီတပ်က ဗန်းမောက်မြို့ပြန်ရဖို့ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲသလို မြေပြင်ကနေလည်း SNA နဲ့ ပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကြောင့် ၅ လနီးပါးအကြာမှာ တော်လှန်ရေးတပ်တွေ ပြန်လည်လက်လွှတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။


