
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ရွာကို ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက် မီးရှို့လို့ လူနေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့သလို ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ပွင့်ဖြူဝါတပ်က စစ်သားတွေနဲ့ ကျောင်းကုန်းပျူရွာက ပျူစောထီးတွေ အင်အား ၁၀၀ လောက်က ညောင်ပင်စောက်ရွာထဲကို ရုတ်တရက်ဝင်လာပြီးတော့ တွေ့တဲ့အမျိုးသား ၁၅ ယောက်ကို ဖမ်းခေါ်သွားပြီးတော့ ပြန်အထွက်မှာ ရွာကိုမီးရှို့သွားလို့ အိမ် ၁၃ လုံး မီးလောင်ကုန်တယ်။ အဲဒါပြီးတော့ ရေပုတ်ကလေးရွာကိုဝင်ပြီး ဖမ်းသွားတာ၊ အမျိုးသား ၇ ယောက် အဖမ်းခံရပြီး ပါသွားသေးတယ်။ အဖမ်းခံရသူတွေက အားလုံးပေါင်း ၂၂ ယောက်ပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကြောင်းဟာ ကျောင်းကုန်းပျူကျေးရွာမှာ ဝင်ရောက်တပ်စွဲနေပြီး ဖမ်းဆီးခံရသူတွေဟာလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းအထိ ပြန်မလွတ်လာသေးပါဘူး။
အဲဒီကျေးရွာတွေအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့လည်း ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတယောက်က “အဲဒီဘက်မှာ အရင်ရက်ကတည်းက တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က အကျအဆုံး တွေများတယ်။ လက်နက်ခဲယမ်းတွေလည်း ရလိုက်တာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ စစ်ကြောင်းက ရွာတွေထဲကိုဝင်ပြီး ပေါ်တာဆွဲရင်းနဲ့ စစ်တပ်ရဲ့ ဖက်ဆစ်အကျင့်အတိုင်း ပြည်သူပိုင်အိမ်တွေကို မီးရှို့တာဖြစ်နိုင်တယ်။ တိုက်ပွဲအခြေအနေသတင်းတွေကိုတော့ အဲဒီအဖွဲ့တွေဘက်က အခြေအနေတခုခုကြောင့် မထုတ်ပြန်သေးတာဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာလည်း စလင်းမြို့နယ်၊ စည်စွဲကျေးရွာမှာတပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံဒေါ်စောမြင့် ရဲ့ နေအိမ်အပါအဝင် လူနေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ရသေးတယ်လို့ တော်လှန်ရေးရဲဘောက်က ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စစ်သားနဲ့ပျူစောထီး ၁၀၀ ကျော် တပ်စွဲနေကြတဲ့ ကျောင်းကုန်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ ပျူစောထီး ခေါင်းဆောင်မြတ်အောင် အပါအဝင် ပျူစောထီးအဖွဲ့တချို့ သေဆုံးခဲ့ကြပါတယ်။
ဒီနောက်ပိုင်း အဲဒီပျူစောထီးကျေးရွာကို စစ်တပ်ဘက်က အင်အားဖြည့်ပြီး တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်နေကြလို့ ညောင်ပင်စောက်ကျေးရွာ၊ ရေပုတ်ကလေးကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


