
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းနားက အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၆၆၆ စခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတကြောင်းလုံးဟာ AA ရဲ့ တိုက်ခိုက်တာ ခံလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီလောက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ကျော်နဲ့ သုံ့ပန်း ၅ ယောက်လောက်ကို လက်ရဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “မနေ့က နေ့လယ်ကတည်းက တိုက်ပွဲပြင်းတယ်။ စစ်ကောင်စီ စစ်ကြောင်းလုံးကို ချေမှုန်းနိုင်လိုက်တယ်” လို့ပြောပါတယ်။
စစ်တပ်အင်အား ၁၀၀ ကျော်ပါတဲ့ ပထမစစ်ကြောင်းဟာ AA ထိန်းချုပ်ထားတဲ့ ပွိုင့် ၆၆၆ ဧရိယာထဲကို ထိုးဖောက်ဝင်ရောက်လာတာကြောင့် အသင့်စောင့်ဆိုင်းနေတဲ့ AA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားမှာ စစ်တပ်က အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲ ပြန်လည်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဆက်ဖြစ်နေတာပါ။
အလားတူ ညောင်ကျိုးကျေးရွာစခန်းကိုလည်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ညောင်ကျိုးဘက်မှာလည်း မနေ့ညက စစ်ကောင်စီထိုးစစ်ဆင်နေလို့ တိုက်ပွဲဖြစ်နေပါတယ်။ ဒရုန်း၊ လက်နက်ကြီးတော့ တအားပစ်ချနေတယ်” လို့ပြောပါတယ်။
AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကျေးရွာကို စစ်တပ်က ဒရုန်း၊ တိုက်လေယာဉ်၊ Y-12၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။


