
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ တယောက်သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဖေဖော်ဝါရီ ၆ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်တပ်ရဲ့ ဖယ်ခုံ ၃၃၆ တပ်ရင်းကနေ အရပ်သားပြည်သူတွေရှိရာကို လက်နက်ကြီး တလုံးပစ်ခတ်လာတာကြောင့် အသက် ၅၆ နှစ်အရွယ် ဦးစိုးန သေဆုံးခဲ့ရပြီး တယောက်က ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ကိုရာဇာက “တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ စစ်ကောင်စီရယ်၊ PNO ကနေ လက်နက်ကြီးပစ်ခတ်တာမျိုး၊ ဖယ်ခုံ ၃၃၆ တပ်ရင်းကနေ အရပ်သားပြည်သူရှိတဲ့ဘက်ကို ထုလာတာဖြစ်တယ်။ တယောက်က ပွဲချင်းပြီးသေဆုံးပြီးတော့ တယောက် ပြင်းထန်ဒဏ်ရာရတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ဖယ်ခုံအနောက်ဘက်ခြမ်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းဆရာမ တယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။


