
တော်လှန်ရေးတပ်ပေါင်းစု ဝိုင်းထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်ဘက်က အင်အားဖြည့်ဖို့ ကြိုးစားနေပြီး စစ်ကူတွေရောက်နိုင်ဖို့ လက်နက်ကြီးနဲ့ဒရုန်းတွေ သုံးပြီး တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ အသွားအလာသတိထားကြဖို့ တော်လှန်ရေးတပ်ပေါင်းစုက သတိပေးထားပါတယ်။
ကရင်နီမှာ ဖားဆောင်းမြို့က အာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းကျန်တဲ့ ခလရ (၁၃၅) တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက ဝိုင်းရံပိတ်ဆို့ထားသလို ဖားဆောင်း အနီးအနားက မော်ချီးနဲ့ မယ်စဲ့မြို့တွေကိုလည်း အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
စစ်တပ်က ခလရ (၁၃၅) မကျအောင် လေကြောင်းကနေ တိုက်ခိုက်နေသလို စစ်ကူပေးတာတွေလည်းလုပ်နေပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ DVB ရဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။ေ
“သူတို့(စစ်တပ်)က ကင်းတော့ ပုံမှန်ထောက်တယ်။ ဒရုန်းလွှတ်တယ်။ ဒါပေမဲ့ ပထမ သူတို့ဦးစား ပေးကတော့ ကျနော်တို့ သိရသလောက် ဖားဆောင်းကိုရောက်ဖို့ ပထမဦးစားပေးလုပ်နေတဲ့သဘောပဲ။ သူတို့ (စစ်တပ်) က မိန်းလမ်းကနေ တက်မလာတော့ဘူး။ မတက်ဘဲနဲ့ နန်းကစ်(ကျေးရွာ) ဖြတ်လမ်းကို သူတို့ စိုးမိုးတာပေါ့။ တောလမ်းကို ပြန်ကာလိုက်တာ၊ ကာပြီးမှ မိန်းလမ်းကိုတက်မှာပေါ့။”
ဖေဖော်ဝါရီ ၄ ရက်က ခလရ (၁၃၅) တပ်ကနေ သံလွင်တံတားအနီးနားဝန်းကျင်တဝိုက်ကို လက်နက်ကြီး ၆၀ မမနဲ့ပစ်တာအပြင် လေယာဥ်နဲ့ ဒရုန်းတွေသုံးပြီး ဗုံးလာကြဲသွားတဲ့အတွက် လူအထိအခိုက်မရှိပေမဲ့ တံတားနဲ့လမ်းမ ပျက်စီးသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာလည်း ဖားဆာင်းမြို့နယ်နဲ့ မိုင် ၅၀ ပဲ ကွာတဲ့ မော်ချီးမြို့နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးလာကြဲခဲ့လို့ အသက် ၇၀ အရွယ်အမျိုးသမီးတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပွင့်လင်းရာသီရောက်ပြီဖြစ်နေတဲ့အတွက် စစ်ကောင်စီက အဘက်ဘက်ကနေ စစ်ကြောင်းထိုးလာနိုင်တာကြောင့် မော်ချီး - ဖားဆောင်း - မယ်စဲ့နားတဝိုက် သွားလာနေကြတဲ့ ဒေသခံတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ပေါင်းစုက သတိပေးနှိုးဆော်နေတာပါ။
စစ်ရေးအရင်းအမြစ်က “တောက်လျှောက်ပစ်နေတာ။ ဒရုန်းနဲ့လာကြဲတယ်၊ လေယာဥ်နဲ့လည်းလာကြဲတယ်၊ လက်နက်ကြီးနဲ့လည်း လှမ်းထုတယ်။ သက်သက်မဲတာပေါ့၊ အဲ့တော့ သွားတာလာတာ သတိရှိကြဖို့ပါ” လို့ ပြောပါတယ်။
လွိုင်ကော် နဲ့ ဒီးမော့ဆို တကြောမှာလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေပြီး စစ်ကြောင်းထိုးလာမှာကို စိုးရိမ်နေကြပေမဲ့ ငွေတောင်ဘက်ခြမ်းမှာတော့ ဒေသခံတွေ ပြန်နေ နေကြတယ်လို့ ဒီးမော့ဆိုဒေသခံတွေက ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ဒီးမော့ဆို - ဖရူဆို - ထားလဲ - နန်းဖဲ - ဘောလခဲ လမ်းမကြီးနဲ့ လမ်းမကြီးပေါ်ဖြတ်သန်းသွားတဲ့ လမ်းသွယ်အားလုံးကို မြေပြင်စစ်ရေးအခြေအနေအရ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဖေဖော်ဝါရီ ၆ ရက်ကစပြီး လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်း ပြညသူလူထုရဲ့ နေအိမ်ပေါင်း ၄၈၀ ထိခိုက်ပျက်စီးခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေထဲမှာ လက်နက်ကြီးနဲ့ အများဆုံးဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
မောရစ်


