Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်၌ စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကိုရင်အပါအဝင် ရွာသားများ သေဆုံး ဒဏ်ရာရ
DVB
·
February 5, 2026

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း၊ သစ္စေးကုန်းရွာရှိ  မင်္ဂလာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၅ ရက် ဒီ မနက် ၁၀ နာရီလောက်မှာ ဗုံးကြဲခဲ့တာကြောင့် ကိုရင် အပါအဝင် အနည်းဆုံး ရွာသားတွေ အနည်းဆုံး  ၅  ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်မှာ စစ်တပ်က ဘုန်းကြီးကျောင်းကို ဦးတည်ပြီး ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကိုရင်လေးတပါး အပါအဝင် ဆွမ်းလာကပ်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီး ၃ ယောက်နဲ့ ကျောင်းနား ကားပြင်နေတဲ့ အမျိုးသား ၁ ယောက် စုစုပေါင်း ၅ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွာနီးချုပ်စပ်မှာ စစ်ကြောင်းထိုးလာတာနဲ့ တိုက်ပွဲဖြစ်တာမျိုးတွေ မရှိဘဲ အရပ်သား ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိတဲ့ တန့်ဆည် ဒေသခံတယောက်က  DVB ကို ပြောပါတယ်။

“ပတ်ပတ်လည်က ရွာတွေကို စစ်ကြောင်းထိုးတာလည်း မရှိဘူး။ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ သက်သက်မဲ့ ပြည်သူတွေရှိတဲ့ နေရာကို ပစ်သွားတာ။ ဘုန်းကြီးကျောင်း  တခုတည်းကို ဦးတည်ပြီး ဗုံး ၂ လုံး ကြဲသွားတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်သွားတယ်။”

အဆိုပါ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းမှာ တန့်ဆည်မြို့နယ်အတွင်းက စစ်ရှောင်တွေ နေထိုင်ကြတာ ဖြစ်ပါတယ်။

မျက်မြင်တွေ့ရတဲ့ ဒေသခံ ရွာသားတယောက်က “အဲဒီကျောင်းမှာက ကာဘိုးမူးဘောင်ဘေးမှာ နေထိုင်ကြတဲ့ ပျူရွာတွေအနီးက ပြည်သူတွေ ရွာမနေရဲကြလို့ အဲဒီဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတာတွေ အများကြီးရှိတာ။ အဲဒါကို တံတားဦးတက် ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးလည်း ကြဲတယ်၊ နောက်ပြီး ရော့ကတ်တွေနဲ့လည်း ပစ်တယ်၊ နောက်ပြီး စက်လက်နက်တွေလည်း ပစ်ခတ်တယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၃ ယောက်ထက်မနည်း ထိခိုက်ခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါဝင်လို့ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ် ဒေသခံ လူမှုကူညီရေးအသင်းမှ ကိုပန်သုက “ကျနော်တို့ အခု လေယာဉ်ပစ်ပြီးပြီးချင်း ကိုရင်ငယ်တပါး၊ အမျိုးသားတဦး၊ အမျိုးသမီး ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်ဗျ။‌ ဒေသခံတွေရဲ့ ပြောပြချက်အရ နောက်ထပ် ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကတော့ ရှာမတွေ့သေးဘူး” လို့ DVB ကို ပြောပါတယ်။

အခုသေဆုံးသူတွေအပြင် စစ်တပ်ရဲ့ ဗုံးသီး အပါဝင် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းတော်ကြီး ကျောင်းဆောင် ပြိုကျပျက်စီးကာ ကျောင်းဆောင်အတွင်း ဝင်ရောက်ပုန်းနေတဲ့ စစ်ဘေးရှောင်တွေ ပိတ်မိသူတွေလည်း ရှိနေသေးတယ်လို့ ကိုပန်သုက DVB ကို ပြောပါတယ်။

အဆိုပါ အုတ်တိုက်ကျောင်းဆောင် ပြိုကျပြီး ပိတ်မိနေသူတွေထဲမှာလည်း သေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

သစ္စေးကုန်းရွာဟာ တန့်ဆည်-ကျွန်းလှ-‌ကောလင်းသွား မိန်းကားလမ်းမကြီးဘေး တန့်ဆည်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ နီးပါးခန့် အကွာမှာရှိပြီး လူစည်ကားတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။

လက်ရှိမှာ သစ္စေးကုန်းရွာ ဒေသခံတွေဟာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာမှာကို စိုးရိမ်နေကြပြီး လေကြောင်းရန်ကို သတိထားနေကြပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း တန့်ဆည် ကော်တက်ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာခံ အမျိုးသမီး ၂ ယောက် ထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဟာ တန့်ဆည်နယ် အပါအဝင် တော်လှန်ရေးအားကောင်းတဲ့ အညာမြေ စစ်ကိုင်း၊ မကွေးအတွင်းက တော်လှန်ရေးတပ်တွေရဲ့ တပ်စခန်းတွေအပြင် မြို့၊ ရွာတွေက စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းတွေကို ပါရာမော်တာ၊ ဂျိုင်ရိုကော့ပတာ၊ အသေခံဒရုန်း ဂျတ်တိုက်ခိုက်ရေးလေယာဉ် စတဲ့ နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက် အပြင်းအထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013