Home
မြန်မာသတင်း
ကန့်သတ်မြို့နယ်အချို့က ခရီးသွားများကို စစ်တပ်က ခြိမ်းခြောက်ငွေညှစ်
DVB
·
February 5, 2026

ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူ အားလုံးနဲ့ တခြား ကန့်သတ်ထားတဲ့ မြို့နယ်မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ဖေဖော်ဝါရီလကစပြီး ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာပါရှိမှ ကားလက်မှတ် ရောင်းပေးမယ်လို့ ကားလက်မှတ်အရောင်းဌာနတွေက အွန်လိုင်းကတဆင့် ကြေညာပြီးတဲ့နောက် ကန့်သတ်မြို့နယ်က ပြည်သူတွေကို ငွေကြေးတောင်းခံနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူနဲ့ ရှမ်းမှတ်ပုံတင်ကိုင်တဲ့ မြို့နယ်တချို့နဲ့ စစ်ကိုင်းတိုင်း မြို့နယ်တချို့က မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာ ပါရှိမှ ကားလက်မှတ်ရောင်းပေးမယ်လို့ ကားလက်မှတ်အရောင်းဌာနတွေက အွန်လိုင်းကတဆင့် ကြေညာထားပါတယ်။

၁၁/ ရခိုင်မှတ်ပုံတင်ကိုင်တဲ့ မြို့နယ်တိုင်း၊ ၉/ မန္တလေးတိုင်း မိုးကုတ်မြို့မှတ်ပုံတင် မကန နိုင်၊ ၁၃/ ရှမ်းမှတ်ပုံတင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်း၊ ၅/ မုံရွာ၊ မြောင်၊ ရွှေဘို စတဲ့မြို့နယ်တွေက သူတွေကို ကန့်သတ်လိုက်တာပါ။

ပုံမှန် ခရီးသွားလာဖို့ ကားလက်မှတ်ဖြတ်ရင် နိုင်ငံသားစိစစ်ဆေးရေးကတ် မှတ်ပုံတင်နဲ့ စမတ်ကတ်ပါရင် ကားလက်မှတ်ဝယ်လို့ ရပေမဲ့ အခုလို စာတွေထွက်လာပြီး နောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ မြို့နယ်က သူတွေကို ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ မပါရင် မရောင်းပေးတော့ဘူးလို့ ကားလက်မှတ်အရောင်းဌာနတွေက ပြောပါတယ်။

ကားလက်မှတ်အရောင်းဌာန တာဝန်ရှိသူတယောက်က “ဂိတ်ကနေပြီးတော့ ညီမတို့ဆီကို စာပို့ထားတယ်ပေါ့နော်၊ Elite ဂိတ်က ညီမတို့ဆီကို ပို့ထားပေးတဲ့စာကို ညီမတို့ဘက်က ဧည့်သည်ကို information ပေးတဲ့အနေနဲ့ တင်ထားပေးတာပါ။ ရောင်းရင်တော့ သူတို့ဘက်က စီးလို့ မရဘူးပေါ့။ အခုဆိုရင် မန္တလာမင်း ဆိုရင် ညီမတို့ကို စာပို့ထားတယ်။ ၁၁/ ဘယ်မြို့နယ်မဆို သူတို့ရဲ့ ခရီးစဉ်တွေမှာ ရောင်းပေးလို့မရဘူးပေါ့။ ၁၁/ ဆိုရင် စီးလို့မရဘူးဆိုရင် သူတို့ကတော့ တင်သွားမှာမဟုတ်ဘူး အဲလိုမျိုးပေါ့။ အခု page မှာ တင်ထားသလိုမျိုး အဲဒီမှတ်ပုံတင်တွေ မဟုတ်ဘူးဆိုရင် တခြားမြို့ကဟာဆို မှတ်ပုံတင်ပဲလိုပါတယ်” လို့ ပြောပါတယ်။

ဒီလို ကန့်သတ်တယ်ဆိုတဲ့စာတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ ခရီးသွားပြည်သူတွေ အနေနဲ့ ခရီးသွားလာဖို့ ကားလက်မှတ်ဝယ်မရမှာကို စိုးရိမ်နေသလို သွားတဲ့လမ်းမှာလည်း ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။

စစ်ကိုင်းတိုင်းထဲက ရဲစခန်းထောက်ခံစာပါမှ လက်မှတ်ရောင်းပေးမယ်လို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေထဲက ခရီးသည်တွေကိုတော့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ အတင်းအကျပ် စစ်ဆေးပြီး ငွေတောင်းခံတာတွေ ရှိတယ်လို့လည်း ခရီးသည်တွေက ပြောပါတယ်။

မုံရွာ-မန္တလေး အဝေးပြေးလမ်းက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တခုမှာ မြင်းမူမှတ်ပုံတင် ကိုင်ဆောင်ထားသူ ၂ ယောက်ကို ခြိမ်းခြောက်ပြီး ငွေတောင်းခံတယ်လို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ခရီးသည်တယောက်က ပြောပါတယ်။

“အန်တီ ပြန်လာတဲ့နေ့ကတော့ ကောင်လေး ၂ ယောက် ပါလာတယ်၊ မြင်းမူမှာ ဆင်းတာ။ သူကတော့ ရဲစခန်းထောက်ခံစာ ဘာညာ ပါမလာဘူး။ အလုပ်လုပ် ပြန်လာတာကို ရွာကို ပြန်မလို့ဆိုပြီး အဲဒီလိုပြောတာ။ မင်းတို့က ဧရာဝတီကနေ ပြန်လာပြီး ဘာလို့ ရန်ကုန်ကား စီးလာတာလဲ ဆိုပြီးတော့ ကလေးတွေက လည်သွားပြီလေ။ အဲဒီနေရာကို တော်တော်လေးကို ကြာတယ်။ သူတို့ စစ်တာ ဆေးတာနဲ့ နောက်ကျ ငွေပေးတော့ လွှတ်ပေးလိုက်တယ်၊ တယောက် ၅၀,၀၀၀ ပေးလိုက်ရတယ်။”

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ကားပေါ်မှာ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို ပေးပို့ရပါတယ်။

အဲဒီလိုပေးပို့တဲ့လူစာရင်းနဲ့ ယာဉ်ပေါ်တင်ဆောင်လာတဲ့ လူအရေအတွက် ကိုက်ညီရင်တော့ အထူးအထွေ စစ်ဆေးတာ မရှိဘူးလို့ ကားသမားတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခရီးစဉ်ကို မရှင်းပြတတ်တဲ့ ခရီးသည်တွေအတွက် ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ တောင်းခိုင်းရတာလို့ ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာတော့ မှတ်ပုံတင်နဲ့တော့ ခရီးသွားလို့ရတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ သွားရောက်ရတဲ့ အကြောင်းအရင်းကို ခရီးသွားဆိုင်ရာ အထောက်အထားလေးတွေ ပြောပြရတာ ရှိတယ်။ ရှိတဲ့အခါမှာ တချို့အနေအထားလေးတွေက ခရီးသွားဆိုင်ရာ အထောက်အထားကို ပြောပြနိုင်ခြင်း မရှိတဲ့သူတွေကျတော့ သူတို့ အလွယ်တကူလေး ရပ်ကွက်ထောက်ခံစာက နေထိုင်မှုကို အာမခံပေးတဲ့ သဘောလေ။ သူ့ခရီးစဉ် safe ဖြစ်ဖို့ ယူလာကြတာပေါ့။ Demand နဲ့ ဒါပါမှ ရောင်းပေးတယ် ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ ထူးထူးခြားခြား စစ်ဆေးတာတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပဲ seat  plan လေးတွေကို သတင်းပို့ရတာ ရှိမယ်၊ လူဦးရေနဲ့ လူနဲ့ ကိုက်ညီမှုရှိမရှိ ဒီလောက်ပဲ။”

အခုလို ကားလက်မှတ်ရောင်းဖို့ မြို့နယ်တချို့ကို မကန့်သတ်ခင်ကတည်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ သူတို့ မသင်္ကာသူတွေကို တင်းကျပ်စစ်ဆေးပြီး ငွေကြေးကောက်ယူတဲ့ကိစ္စတွေ နေ့စဉ်ဆိုသလို ဖြစ်နေတယ်လို့ ခရီးသွားတွေက ပြောကြပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013