စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်အရှိန်မြှင့်လာတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံ ချောင်းဖျား (ယာယီ)စစ်ရှောင်စခန်းက ကရင်စစ်ရှောင်ရွာသားတွေ ထပ်မံထွက်ပြေးနေကြရပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက စစ်ကောင်စီတပ်ရဲ့ တပ်မ ၂၂ စစ်ကြောင်း ၂ ခု မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးလေးတဝိုက် ထိုးစစ်ဆင်လာပြီး တိုက်ပွဲငယ်တချို့ ဖြစ်ပွားစမှာ မင်းလက်ပံချောင်းဖျား စစ်ရှောင်စခန်းမှ စစ်ရှောင်ရွာသား ၃၁၁၀ ကျော် ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။
အဆိုပါ ဒုက္ခသည်တွေဟာ ဖလူးလေးအောက်ဘက်ရှိ ပလောတပို့ရွာ စစ်ရှောင်စခန်းသို့ ထပ်မံထွက်ပြေးကြတယ်လို့ ဒေသခံက ပြောပါတယ်။
မင်းလက်ပံချောင်းဖျား စစ်ရှောင်စခန်းကို လွန်ခဲ့တဲ့ ၉ လက စတင်ထူထောင်ထားတာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေရဲ့ ထက်ဝက်ကျော်ဟာ သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်း လက်ရှိ စစ်ဘေးရှောင်ပြည်သူ ၁,၂၀၀,၀၀၀ ကျော် ရှိနေပြီး အရေးပေါ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တာဝန်ရှိသူ တယောက်က ပြောပါတယ်။







