
ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၀ ကျော်အရွယ် အဘွားအိုတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက် ၁၂ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၇၄ နှစ်အရွယ် အဘွား သေဆုံးပြီး အမျိုးသားတယောက်၊ အမျိုးသမီးတယောက်တို့ ဒဏ်ရာရကာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ဒီမနက် အစောကြီးလို့ ပြောလို့ရတာပေါ့နော်။ ၁၂ ခွဲ ဝန်းကျင်မှာ ကြဲသွားတာ။ လိုလော်ထီး ဆိုတဲ့ရွာကို ဗုံးလာကြဲသွားတာ၊ တယောက်ဆုံးသွားတယ်။ အခုချိန်ထိ သိရသလောက် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမဖြစ်ပွားဘဲ မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတယောက် သေဆုံးခဲ့ရပါသေးတယ်။


