
ကရင်ပြည်နယ်၊ ဘားအံမြို့က စစ်ကောင်စီရဲ့ ထောက်ပို့တပ်မှာ သံချပ်ကာကား၊ အမြောက်ကားတွေ ဖြည့်တင်းထားပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းကို ပိတ်လိုက်တာကြောင့် မြို့ခံပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ တပ်မ ၂၂ နဲ့ ထောက်ပို့တပ်ကို လက်နက်ခဲယမ်း၊ တင့်ကား၊ သံချပ်ကားယာဉ်တွေ ဖြည့်တင်းခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်က လုံခြုံရေးအကြောင်းပြပြီး အများပြည်သူ အသုံးပြုနေတဲ့ ခမရ ၂၀၁ နောက်ကြော ကြာအင်းလမ်းဆုံကနေ စိုက်ပျိုးရေးသိပ္ပံကျောင်း လမ်းဆုံအထိ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကန့်သတ်ခဲ့ပါတယ်။
ဒါ့အပြင် ကမောကစင်ကျေးရွာနဲ့ အမှတ် ၆ ရပ်ကွက် ပြည်ထောင်စုရပ်ကွက်လမ်းကို ညနေ ၆ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ခဲ့ပါတယ်။
အခုလို လမ်းပိတ်ဆို့လိုက်တဲ့အတွက် ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ ထန်းကိုးပင်သုသာန်ကို အသုဘပို့ဆောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြို့ခံတယောက်က “ထန်းကိုးပင်ဘက်ကို အသုဘပို့ရင် လုံခြုံရေးက အခုဆို တင်းကျပ်တယ်။ ဘာကားနေနေ စစ်တယ်။ ခရီးသည်တွေကော ပစ္စည်းကအစ အကုန်လုံး လူတွေကောဆင်း၊ စစ်ပြီးလို့ရှိရင် အသုဘပို့တာတောင်မှ လမ်းကို ဖြောင့်ဖြောင့်တိုင်း သွားလို့မရဘူး။ အသုဘပို့တဲ့ လမ်းနား ရောက်တဲ့နေရာကျ ကွေ့ပတ်ပြီးတော့ ပို့ခိုင်းတယ်။ သူတို့နားကို ဟိုဥစ္စာ(တခုခု)ဖြစ်မှာ ကြောက်လို့လားတော့ မသိဘူး။ လုံခြုံရေးတင်းကျပ်တယ်။ အသုဘပို့တာတောင် ကွေ့ပတ်ပြီး သွားနေရတယ်” လို့ ပြောပါတယ်။
စစ်တပ်က ပိတ်ဆို့ကန့်သတ်ထားတဲ့ လမ်းပိုင်းဟာ စစ်ကောင်စီတပ်တွေ၊ စာသင်ကျောင်း၊ တက္ကသိုလ်၊ ဌာနဆိုင်ရာရုံးတွေ၊ သင်တန်းကျောင်းတွေ၊ ဆေးရုံကြီးနဲ့ ကျေးရွာချင်း ဆက်သွယ် သွားလာရာမှာ အဓိက အသုံးပြုနေတဲ့လမ်းပိုင်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က ညတိုင်း သံချပ်ကာကား၊ အမြောက်ကားတွေနဲ့ မြို့တွင်းကနေ မြို့ပြင်ထွက်ပြီး စစ်အင်အားပြနေတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။
မြို့မိမြို့ဖတယောက်က “(ထောက်ပို့တပ်)ထောက်ပို့ဝန်းကြီးကို ပိတ်ထားလိုက်တယ်။ အဲထဲမှာ သံချပ်ကာကားတွေကော အမြောက်ကားတွေကော လက်နက်ကြီးတွေ ဘာတွေ ရှိတော့ နာရေးသွားမဲ့လမ်းကြောင်း ပိတ်လိုက်တယ်။ အကုန်လုံးပိတ်၊ ညဘက်မှ သူတို့ စလှုပ်ရှားတာ။ ဝင်တာတွေ ထွက်တာတွေ ရှိတယ်။ အဲသံချပ်ကာကားတွေကော အမြောက်ကားတွေကော။ အမြောက်ကားတွေက ထီလုံဘက်ကို ညဘက်ထွက်တာပေါ့။ ပြီး မနက်ပြန်ဝင်လာတယ်။ ငါတို့က ဒါရှိတာပေါ့၊ ပြတာပေါ့။ အဲလိုမျိုး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကစပြီး ဘားအံမြို့တွင်းက လမ်းဆုံလမ်းခွ၊ ဘားအံ-လှိုင်းဘွဲ လမ်းခွနဲ့ မြို့ဝင် မြို့ထွက်တွေမှာ လုံခြုံရေးရေးတင်းကျပ်ပြီး နေ့ ည စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ဒါကြောင့် မြို့ခံတွေနဲ့ ဘားအံမြို့ကို လာရောက်မဲ့ ကျေးလက်နေပြည်သူတွေဟာ အပြစ်မဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။
အောင်ခန့်


