
ပြည်တွင်းမှာ အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်တပ်က ဖိနှိပ်မှုအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးနေသလို အလုပ်သမားအရေး ဆက်မလုပ်နိုင်အောင် ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေကို တရားမဝင် အသင်းအဖွဲ့အဖြစ် သတ်မှတ်တာ၊ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ မတရား ဖမ်းဆီးခံထားရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ ၃၀၀ နီးပါးရှိပြီး တချို့ဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူ ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ်က စစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကာ အဲဒီ ထောင်ဒဏ် ၂ နှစ် လွတ်ရက်စေ့ခါနီးမှာပဲ စစ်တပ်က အကြမ်းဖက်ပုဒ်မနဲ့ တရားထပ်စွဲကာ ထောင်ဒဏ် ၇ နှစ် ထပ်တိုးချခဲ့ပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်က “ကျနော်တို့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို အစဉ်အမြဲ ခြိမ်းခြောက်နေတာကတော့ လက်ရှိအချိန်မှာ လက်လွတ်စပယ် ဖမ်းဆီးပြီး ထောင်ချတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့ရဲ့ တုံ့ပြန်ဖြေရှင်းမှုက နောက်မှရပြီးတော့ ကျနော်တို့ကို ဖမ်းဆီးလိုက်တဲ့ ပုဒ်မက တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကျနော်တို့က ထောင်ထဲကို အရင်ဝင်လိုက်ရတာ ဖြစ်ပါတယ်။ ထောင်ထဲကို အရင်ဝင်လိုက်ရပြီ ဆိုကတည်းက ကျနော်တို့ရဲ့ ပြဿနာက ကျနော်တို့ လက်ရှိလုပ်နေတဲ့ အလုပ်သမားအရေး ကိစ္စရပ်တွေကို လွှတ်ချခဲ့ရတဲ့ အခြေအနေတွေ အများကြီးပဲ။ ဖမ်းဆီးထိန်းသိမ်းခံရမှုက ကျနော်တို့အတွက် အကြီးမားဆုံး အခက်အခဲဖြစ်တယ်” လို့ ပြောပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့ဟာ ၂၀၂၅ အောက်တိုဘာလထဲမှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေဟာ ခံဝန်နဲ့ ပြန်လွတ်လာပေမဲ့ အလုပ်သမားအရေး ကူညီပေးတာတွေ ဆက်လက်လုပ်ကိုင်လို့မရအောင် ဖိအားပေး၊ ခြိမ်းခြောက်တာ၊ စောင့်ကြည့်တာတွေ ကြုံနေရတာ ဖြစ်ပါတယ်။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက “ဖိနှိပ် ခြိမ်းခြောက်တာတွေ ရှိတယ်။ စောင့်ကြည့်တာတွေလည်း ရှိတယ်။ ကျမတို့ဆိုရင် တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းတယ်ဆိုတဲ့ ခေါင်းစဉ် တပ်ထားတယ်။ ILO ရဲ့ Convention 87 ကို မြန်မာအစိုးရက လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် ကျမတို့က ကျမတို့အဖွဲ့ချုပ်ပါလို့ ကြေညာပြီး အလုပ်သမားတွေကို စုစည်းတာ၊ စည်းရုံးတာတွေကို လက်ခံ ခွင့်ပြုရမှာပဲ။ ဒါပေမဲ့ အဲဒါကို ခွင့်မပြုထားဘူး။ ခွင့်မပြုထားတဲ့အတွက် ကျမတို့အနေနဲ့ ဘာပဲလုပ်လုပ်၊ ဥပမာ - သင်တန်းမပေးရဘူးတို့၊ ကျမတို့ဆို စစ်ကြောရေးမှာ စစ်ခံရတုန်းက သင်တန်းတွေ ပေးတယ်တို့၊ အဲဒါဆိုရင် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ သိသင့်တာတွေ၊ အလုပ်သမားဥပဒေနဲ့ ပတ်သက်တာတွေ သိခွင့်ရဖို့၊ ပြောခွင့်ရဖို့တို့ ဟန့်တားနှောင့်ယှက်တာလို့ပဲ ကျမ နားလည်ရတယ်။ အဲ့အချိန်ကစပြီး အလုပ်သမားနဲ့ ပတ်သက်လို့ သင်တန်းပေးတာတွေ ကျမတို့ လုပ်လို့မရတော့ဘူးပေါ့။ ဒီနာမည်တွေနဲ့ လှုပ်ရှားဆောင်ရွက်လို့ မရတော့ဘူးပေါ့” လို့ ပြောပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကိုလည်း စစ်တပ်က ၂၀၂၁ မှာ ပုဒ်မ ၅၀၅(က) နဲ့ အင်းစိန်ထောင်မှာ ၆ လကြာ ဖမ်းဆီးခဲ့သလို ၂၀၂၅ ဇူလိုင်လအတွင်းမှာလည်း STUM ဦးဆောင်သူနဲ့ အဖွဲ့ဝင် ၁၀ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ပြန်လွတ်လာပေမဲ့ တခြားအဖွဲ့ဝင်တွေက ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
အလုပ်သမားအရေး အဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂနဲ့ ဆက်စပ်သူတွေ ရာနဲ့ချီ ဖမ်းဆီးခံထားရပြီး တချို့က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ဇွဲသစ်


