
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ NLD အစိုးရလက်ထက်မှာ ကလောမြို့နယ် အလုပ်အမှုဆောင်၊ အမျိုးသမီးလုပ်ငန်းကော်မတီ အတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ အောင်ပန်းမြို့ရှိ အိမ်ကို စစ်တပ်က ဖေဖော်ဝါရီ ၆ ရက်မှာ လေလံတင်ရောင်းချနေတယ်လို့ အိမ်ပိုင်ရှင်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဇွန် ၁၉ ရက်နေ့မှာ အိမ်ရှင်ဖြစ်သူ မဝင်းမြသွယ်(ခ) မနီရဲ့ နေအိမ်တွင်း ဝင်ရောက်စီးနင်းပြီး ဖမ်းဖို့ ကြိုးစားတာကြောင့် နေအိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
အိမ်ပိုင်ရှင် မဝင်းမြသွယ်က “ပိုင်ရှင်မရှိဘဲနဲ့၊ ပိုင်ရှင်မသိဘဲနဲ့ လေလံတင်ပြီးတော့ ရောင်းချနေတယ်။ ဂရမ်က ကျမနာမည်နဲ့ပဲ၊ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့်မပေးထားဘူး။ အိမ်ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး”လို့ ပြောပါတယ်။
နေအိမ်ကို အချောင်ရလိုမှုနဲ့ လေလံဆွဲသူ မည်သူကိုမဆို နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမှာဖြစ်ပြီး ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းယူကာ နစ်နာကြေးပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရန်ကုန်၊ ဗဟန်းမြို့၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သူ နေအိမ်ကိုလည်း ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်က လေလံတင်ရောင်းချတာတွေ လုပ်နေတယ်လို့ သိရပါတယ်။


