
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကန်ကြီးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိသလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “စလင်းရဲ့မြောက်ဘက် စလင်းနဲ့ ဆိပ်ဖြူကြားမှာရှိတဲ့ ကန်ကြီးရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးတွေကြဲသွားတာ။ အသက် ၇၈ နှစ်လောက်ရှိတဲ့ အဘွားအိုတယောက်တော့ နေရာမှာတင် ဆုံးသွားတယ်။ တခြား ဒဏ်ရာရတဲ့သူတွေလည်း ရှိကြသေးတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ခါးကို ဗုံးစထိမှန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရပြီး အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတယောက်လည်း လက်မောင်းကို ဗုံးစထိမှန်ဒဏ်ရာရရှိကာ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့သလို နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုပြည်သူက “ကန်ကြီးရွာထဲကို ဗုံး ၃ လုံးကြဲသွားတဲ့ ပါရာမော်တာက ကပစ ၂၂ ထဲကနေ တက်လာတာလို့ သိရတယ်။ အဲဒီရွာကို လေကြောင်းတိုက်ခိုက်ခံရတာ အခုဟာက ပထမဆုံးအကြိမ်ပဲ။ ရွာခံပြည်သူတွေကတော့ အရမ်းကြောက်လန့်နေကြတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အဆိုပါ ကန်ကြီးကျေးရွာမှာ တော်လှန်ရေးတပ်စခန်းတွေ မရှိသလို စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိဘဲ ပြည်သူကို ပစ်မှတ်ထားပြီး စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်ထဲကို ဇန်နဝါရီ ၁၇ ရက်ကနေ ၂၀ ရက်အထိ ဒရုန်း အပါအဝင် လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လူနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးတာကြောင့် ၁ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့ကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။


