
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကက္ကူကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က မြေမြှုပ်မိုင်းနင်းမိတာကြောင့် လေးမျက်နှာမြို့နယ်၊ ကက္ကူကျေးရွာက အသက် ၅၉ နှစ်ကျော်အရွယ် ဦးမြင့်ရှိန် သေဆုံးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“လိမ္မော်သီးသွားခူးရင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိတာ။ မိုင်းက ထပေါက်ကွဲပြီး ခြေထောက်တဖက် လုံးဝပြတ်ထွက်သွားတာ။ အခြားကိုယ်ခန္ခာအနှံ့လည်း ဒဏ်ရာတွေရတယ်။ သွေးထွက်အရမ်းများပြီး ဆေးကုသဖို့ မမီတော့ဘဲ အသက်ဆုံးရှုံးသွားတာ။”
အဲဒီကျေးရွာမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထားတဲ့ နေရာတွေဟာ ဒေသခံ အရပ်သားတွေ နေ့စဉ် ဖြတ်သန်းသွားလာနေကြတာလို့ ဆိုပါတယ်။
ကက္ကူကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေသတခုဖြစ်ပြီး စစ်ကောင်စီက ဒေသမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ချန်ထားခဲ့ရတဲ့ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။


