
လာမဲ့ ရက်ရှည်ရုံးပိတ်ရက်မှာ ပြည်ပထွက်မဲ့သူတွေအနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက် နောက်ဆုံးထားပြီး ထွက်ခွာခွင့် တင်ရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက် ညက အသိပေးချက် ထုတ်ထားပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၇ ရက်အထိ ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တို့ ဆက်နေခဲ့ပြီး ပိတ်ရက် ၆ ရက် ရှိသွားတာပါ။
အဲဒီရုံးပိတ်ရက်တွေမှာ ပြည်ပနိုင်ငံတွေကို ထွက်ခွာမဲ့သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၁၁ ရက် နောက်ဆုံးထား တင်ပြရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားပါတယ်။
၆ ရက်တာ ရုံးပိတ်ရက်အတွင်း ပြည်ပထွက်မဲ့သူတွေကို ခွင့်ပြုချက်တင်ဖို့ ၂ ရက်အလိုလောက်မှ ကပ်ပြီး အသိပေးတဲ့အတွက် နယ်ဝေးက အလုပ်သမားတွေနဲ့ တင်ပြရမဲ့ အထောက်အထား အပြည့်အစုံ မရှိသေးတဲ့သူတွေ အခက်တွေ့နိုင်တယ်လို့ ပြည်ပမှ ခွင့်ပြန်အလုပ်သမားတယောက်က ပြောပါတယ်။
“ခွင့်ပြုချက်ကို နေပြည်တော်အထိ သွားတင်ရမှာလေ။ ၂ ရက်အလိုလောက်မှ အသိပေးတော့ နယ်ဝေးကသူတွေ သွားဖို့၊ ပြုဖို့ ကသောကမျော ဖြစ်ကုန်မှာပေါ့။”
လက်ရှိမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တရက်ကို ပြည်ပထွက်ခွာခွင့် လျှောက်ထားသူ ရာဂဏန်းနီးပါး ခွင့်ပြုချက်ချပေးတဲ့ အခြေအနေမှာ ရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
၆ ရက်ကြာ ပိတ်ရက်အတွက် ပြည်ပထွက်ခွာခွင့် လျှောက်ထားဖို့ ၂ ရက်ပဲ ကြိုအသိပေးတာကြောင့် စိစစ်ရမဲ့ လုပ်သားဦးရေ များပြီး အချိန်မလုံလောက်တဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြုချက် မကျတာမျိုးဖြစ်မှာ စိုးရိမ်ရတယ်လို့ ခွင့်ပြုချက်အတွက် ကိုယ်စားလှယ်လျှောက်ပေးသူ တယောက်က ပြောပါတယ်။
“ပိတ်ရက် ၆ ရက်မှာ ထွက်ခွင့်ရမဲ့သူတွေကို တပြိုင်တည်းစိစစ်ပြီး အားချင်းထုတ်ပြန်မှာလား၊ ဘယ်လိုလုပ်မှာလဲတော့ မသိသေးဘူး။ ခွင့်ပြန်အလုပ်သမား တော်တော်များများက တရုတ်နှစ်ကူးရဲ့ ရုံးပြန်ဖွင့်ရက်အမီ ပြန်ကြဖို့ရှိတာ။”
ဒါ့အပြင် အခုရက်ထဲမှာ ရုံးပိတ်ရက်ရှည်အတွင်း ပြည်ပကို ပြန်လည်ထွက်ခွာမဲ့သူတွေကိုပဲ စိစစ်တာတွေ လုပ်မှာဖြစ်လို့ ပိတ်ရက်အလွန်ထွက်မဲ့ အလုပ်သမားတွေအတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ သာမန်ရက်တွေမှာ ပြည်ပထွက်ခွာမဲ့ အလုပ်သမားတွေကို ရုံးဖွင့်ရက် ၅ ရက်အလို ခွင့်ပြုချက် လျှောက်ရမယ်လို့ သတ်မှတ်ထားတာလည်း ရှိပါတယ်။


