Home
မြန်မာသတင်း
ရခိုင်၌ နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အရှိန်မြှင့်လုပ်ဆောင်
DVB
·
February 10, 2026
Photo: Arakkha Health Department

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆက်သွယ်မှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) အနေနဲ့ လူသေဆုံးမှုမြင့်မားတဲ့ နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်တွေမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ တွေ့ရှိခဲ့တဲ့အတွက် ကုန်သွယ်ရေးဆက်သွယ်မှုတွေရှိနေတဲ့ ရခိုင်က AA ထိန်းချုပ်ရာ ဒေသတွေမှာ ဒေသခံတွေဟာ ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

သေဆုံးနိုင်ခြေမြင့်မားတဲ့ နီပါးဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ ဝက်တွေကနေတဆင့် ကူးစက်နိုင်သလို ကူးစက်ခံထားရတဲ့လူရဲ့ ချွေး၊ သလိပ်၊ နှာရည် စတဲ့ ခန္ဓာကိုယ်အရည်တွေနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ခြေ ရှိပါတယ်။

ဒါကြောင့် AA ထိန်းချုပ်ဒေသတွေမှာ နီပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းစဉ်တွေကို AA ရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီးတော့ လုပ်ဆောင်နေတာပါလို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။

“လက်ရှိ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး ကျနော်တို့ မောင်တောမှာလည်း AA က လုပ်ဆောင်ပေးနေတာ ရှိပါတယ်။ ဒီကူးစက်ရောဂါအတွက် ကြိုတင်အသိပညာ‌ပေးတဲ့ အစီအစဉ်တွေ လုပ်နေပါတယ်။ စာရွက်တွေနဲ့ ဓာတ်မီးတိုင်တွေမှာ၊ လမ်းဘေးနံရံတွေမှာ၊ လမ်းသွားလမ်းလာတွေကိုလည်း လက်ကမ်းစာစောင်ပေးတာတွေလည်း ကပ်တာ တွေ့ပါတယ်။ ဗီနိုင်းတွေနဲ့လည်း ထောင်ထားတာ တွေ့ပါတယ်။ ရခိုင်ပြည် မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ထွက်နေတဲ့ နေရာတွေမှာ စစ်ဆေးတာ ရှိပါတယ်။ ဒီဘက်မှာက မှောင်ခိုလုပ်ငန်းတွေလည်း ကြီးစိုးနေတော့ မှောင်ခိုလမ်းကြောင်းနဲ့ ဝင်လာတဲ့ ကုန်သည်တွေပေါ့နော်၊ အဲလိုနေရာတွေက ကူးစက်လာမှာကိုတော့ စိုးရိမ်ပါတယ်။ ဒီမှာကျတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေက အားနည်းနေတော့ တခြားနိုင်ငံတွေနဲ့ မတူဘူးလေ၊ ဆေးမမီရင် ပိုဆိုးမှာပေါ့။”

နီပါးဗိုင်းရပ်စ် ကူးစက်မှုရဲ့ ရောဂါလက္ခဏာတွေမှာ အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေတာ၊ ခေါင်းမူးတာ၊ အော့အန်တာ၊ ဦးနှောက်ရောင်တာ၊ တက်တာ၊ သတိလစ်မေ့မျောပြီး ကိုမာဖြစ်သွားတာအထိ ဖြစ်နိုင်ပါတယ်။

လက်ရှိမှာလည်း နီပါးဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ကုသဆေး မရှိတဲ့အတွက် ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေက ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းထိ မြင့်မားတဲ့အတွက် အထူးသတိထားကြဖို့ AA ရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

ဆရာဝန်တယောက်က “ဒီရောဂါရဲ့ ပြဿနာက ဗိုင်းရပ်စ်ဖြစ်တာကြောင့်မို့ ကုသဖို့နည်းလမ်း မရှိဘူး၊ ဖြစ်ရင် ဖြစ်လာတဲ့ ရောဂါဝေဒနာ လက္ခဏာတွေကိုပဲ ကုသလို့ရတယ်။ နည်းနည်းသက်သာအောင်ပဲ ထိန်းလို့ရတယ်ပေါ့နော်၊ အပြီးပျောက်သွားအောင် ကုသလို့မရဘူး။ ကိုယ်ခံအားကပဲ အဓိကသွားတယ်ပေါ့။ အကူးမခံရအောင်ဆိုရင်တော့ ဗိုင်းရပ်စ်တွေရဲ့ ထုံးစံအတိုင်းပဲ၊ ကိုယ်ခံအားကောင်းအောင် နေရမှာပေါ့။ အစားအသောက်ကောင်းကောင်းစား၊ အိပ်ရေးဝအောင်အိပ်၊ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ အရာတွေဖြစ်တဲ့ အရက်တို့၊ ဆေးလိပ်တို့ ရှောင်ပေါ့နော်။ နောက်တခုက ဗိုင်းရပ်စ်မလာအောင် ကာကွယ်ဖို့က လက်ဆေးမယ်၊ လူကြားထဲသွားရင် mask တပ်မယ်၊ လောလောဆယ်မှာ ဖြစ်နေတဲ့ နေရာတွေ ရှောင်ပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ နီပါးဗိုင်းရပ်စ်ရောဂါ ကူးစက်သူ ၅ ယောက်ရှိနေပြီး လူအယောက် ၁၀၀ လောက်ကိုလည်း နေအိမ်အတွင်း သီးခြား ခွဲထားရတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ နီပါးဗိုင်းရပ်စ်ကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါကြောင့် ရခိုင်ဒေသတွင်း ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်လို သံသယဖြစ်ဖွယ် လက္ခဏာတွေ တွေ့ရှိရင် အနီးအနား ကျန်းမာရေးဌာနကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို သတိပြု လိုက်နာကြဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013