Home
မြန်မာသတင်း
မအူပင် တိုးမြစ်အတွင်း စစ်ကောင်စီက ကင်းကြေးကောက်နေသဖြင့် ရေလုပ်သားများ အခက်တွေ့
DVB
·
February 15, 2026
Photo : KKL

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က တိုးမြစ်ထဲမှာ ငါးဖမ်းနေတဲ့ ငါးဖမ်းလုပ်သားတွေ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းကြေးကောက်နေလို့ ရေလုပ်သားတွေ အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်ကစတင်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက တိုးမြစ်ထဲမှာ ငါးဖမ်းနေတဲ့ ရေလုပ်သားတွေဆီကနေ ကင်းကြေးဆိုပြီး စက်လှေ ၁ စီး ကို ငွေကျပ် ၄၀,၀၀၀ အထိ ကောက်နေတာလို့ သိရပါတယ်။

ရေလုပ်သားတယောက်က “စစ်ဆေးတာအပြင်မဟုတ်ဘူး။ ပိုက်ဆံပါတောင်းနေတာ ကင်းကြေးဆိုပြီး။ တိုးမြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ်က ကျနော်တို့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်ပဲ။ အခုမှ ပိုက်ဆံကောက်တော့ ငါးဖမ်းမထွက်ရဲဘူး။ ပိုက်ဆံ မပေးရင် လူပါဖမ်းတာ။ ရဲတွေရော၊ စစ်ကောင်စီတပ်ရောက ရစ်လည်းရစ်တယ်” လို့ ပြောပါတယ်။

အခုလို စစ်ဆေးငွေကောက်နေတဲ့အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့သူတွေနည်းတူ ရေယာဉ် အငှား လုပ်ကိုင်သူတွေ၊ စက်လှေအငှားလိုက်တဲ့သူတွေနဲ့ အဲဒီရေလမ်းကို အသုံးပြုနေတဲ့ တခြားဒေသခံတွေပါ အခက်ကြုံရတယ်လို့ သိရပါတယ်။

ရေယာဉ်အငှားလုပ်ငန်း လုပ်ကိုင်သူတယောက်က “ကျမတို့ဒေသတွေက ရေလမ်းကို အဓိက အသုံးပြုနေရတာ။ ဒီလိုငွေညှစ်တော့ ဒုက္ခတခု အထုပ်လိုက် ပေးလိုက်တာပဲ။ ရဲတွေရော၊ စစ်သားတွေရော မြစ်ထဲမှာ အလှည့်ကျ စောင့်တောင်းနေတာ” လို့ ပြောပါတယ်။

မအူပင်တိုးမြစ်ထဲမှာ ငါးဖမ်းတဲ့လုပ်ငန်းကို သီးသန့်လုပ်ကိုင်နေတဲ့သူ အယောက် ၅,၀၀၀ ထက်မနည်း ရှိနေပြီး ရေလမ်းကို အသုံးပြု သွားလာလုပ်ကိုင်နေသူလည်း ထောင်နဲ့ချီရှိပါတယ်။

အခုလို ငါးဖမ်း စက်လှေတွေကို စစ်ဆေးဖမ်းဆီး ငွေကောက်နေတာကြောင့် ငါးဈေးကွက်ပါ ထိခိုက်လာနိုင်ပြီး ရက်ပိုင်းအတွင်း ဈေးတွေတက်လာစလို ငါးပိ၊ ငါးခြောက်နဲ့ ငံပြာရည် စတဲ့ လုပ်ငန်းတွေအပြင် တခြား ငါးနဲ့ဆက်စပ်တဲ့ ငါးလုပ်ငန်းတွေကိုပါ ရိုက်ခက်လာပြီး ဒေသခံတွေအတွက် စီးပွားရေးတွေ ကျပ်တည်းလာနိုင်တယ်လို့ ဒေသခံ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မြစ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးတာလည်း တင်းကျပ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013