
စစ်ခေါင်းဆောင်တွေအပေါ် တရားစွဲတာကို လက်ခံအမှုဖွင့်ထားတဲ့ တီမောလက်စ်တေနိုင်ငံရဲ့ ရန်ကုန်မှာရှိတဲ့ သံရုံးတာဝန်ခံကို စစ်ကောင်စီက နောက်တခါ ထပ်ပြီး နှင်ထုတ်လိုက်ပါတယ်။
တီမောလက်စ်တေသမ္မတအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက် စွက်ဖက်နေတာကြောင့် ဆိုပြီး ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ခေါ်ယူပြီး ဖေဖော်ဝါရီ ၂၀ ရက်မတိုင်ခင် မြန်မာနိုင်ငံက အပြီးအပိုင် ထွက်ခွာခိုင်းတာလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တကယ်လို့ တီမောလက်စ်တေအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သူ့ရဲ့ ရပ်တည်ချက် သဘောထားတွေ မပြောင်းလဲဘူးဆိုရင်တော့ ပိုပြင်းထန်တဲ့ အစီအမံတွေ ထပ်ချမှတ်မယ်လို့ အသိပေးထားတယ်လို့ ဆိုပါတယ်။
တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီကနှင်ထုတ်တာဟာ အနိုင်ကျင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Myanmar Accountability Project (MAP)ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာဂန်းနက်စ်က DVB ကို ပြောပါတယ်။
“တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို မြန်မာစစ်ကော်မရှင်က နှင်ထုတ်တယ်ဆိုတာ တီမောလက်စ်တေ အာဏာပိုင်တွေဟာ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) ရဲ့ မင်းအောင်လှိုင်အပါအဝင် တခြားစစ်ခေါင်းဆောင်တွေအပေါ် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း စွဲချက်တွေနဲ့ တရားစွဲဆိုမှုကို စစ်ဆေးဖို့အတွက် အစိုးရရှေ့နေတဦးကိုတာဝန်ပေးလိုက်လို့ ဖြစ်ပါတယ်။ မြန်မာစစ်ကော်မရှင်က အခုလို စွက်ဖက်မှု အနိုင်ကျင့်မှုတွေလုပ်ပေမဲ့လည်း တီမောလတ်စ်တေအနေနဲ့ အလျှော့ပေးလိမ့်မယ်မထင်ပါဘူး။ တီမောအစိုးရအနေနဲ့ တရားမျှတမှုရဖို့ ပိုတောင် အားထုတ်ကြိုးပမ်းလာလိမ့်ဦးမယ်လို့ ထင်ပါတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ချင်းလူ့အခွင့်အရေးအဖွဲ့ဟာ တီမောသမ္မတ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံသလို ဇန်နဝါရီ ၁၂ ရက် မှာလည်း မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောရှေ့နေရုံးမှာ ဇန်နဝါရီ ၁၂ ရက်က လျှောက်လွှာတင်သွင်းထားတာ ရှိပါတယ်။
အဲဒီနောက် စစ်ခေါင်းဆောင်တွေအပေါ် တရားစွဲဆိုတာကိုလည်း တီမောရှေ့နေချုပ်ရုံးက လက်ခံခဲ့ပြီးနောက် အခုလို သံရုံးတာဝန်ခံကို နှင်ထုတ်တာ ဖြစ်ပါတယ်။
တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတုန်းက စစ်ကောင်စီက ကန့်ကွက်ခဲ့လို့ ဝင်မရဖြစ်ခဲ့ပြီး ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ အပါအဝင် အာဆီယံ ပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာမယ်လို့ ကတိပြုထားပေမဲ့ ချိုးဖောက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပါတယ်။
တီမောနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို အားပေးထောက်ခံနေတဲ့နိုင်ငံဖြစ်ပြီး အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖိတ်ခေါ်ခဲ့တာပါ။
ဒါကြောင့် ၂၀၂၃ ခုနှစ်တုန်းကလည်း မြန်မာမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပါသေးတယ်။


