
ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ဆောင်းသီးနှံစိုက်တဲ့ ရာသီမှာ တောင်သူတယောက်ကို နေကြာ အနည်းဆုံး ၂ ဧက စိုက်ဖို့ ဖိအားပေးနေတာကြောင့် တောင်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
စစ်ကောင်စီက ပြည်ပကနေ စားဆီတင်သွင်းရတာ လျော့နည်းစေဖို့ဆိုပြီး ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံတွေစိုက်တဲ့ ရာသီမှာ ဒေသခံတောင်သူတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် နေကြာကို မဖြစ်မနေ ဖိအားပေး စိုက်ခိုင်းခဲ့တာလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။
ဝါးခယ်မမြို့နယ်က ဒေသခံတယောက်က “နေကြာကို ဆောင်းသီးနှံအဖြစ် အနည်းဆုံး ၂ ဧက စိုက်ခိုင်းတာ။ မစိုက်ရင် လုပ်နေတဲ့လယ် သိမ်းခံရလိမ့်မယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်။ စပါးဈေးမရလို့ အရှုံးပေါ်နေတဲ့အပြင် နေကြာထပ်စိုက်ခိုင်းပြီး အရှုံးခံခိုင်းနေတာ။ တော်တော်ဒုက္ခပတ်နေတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ တောင်သူတွေကို စစ်ကောင်စီရဲ့အမိန့်အရ ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ စိုက်ပျိုးရေးဦးစီးဌာနက အစည်းအဝေးခေါ်ကာ ဖိအားပေး ပြောဆိုပြီး ဆီထွက်သီးနှံ နေကြာကို စိုက်ခိုင်းနေတာလို့ သိရပါတယ်။
ကျိုက်လတ်မြို့နယ်က လယ်သမားတယောက်က “နေကြာစိုက်ရင် ကုန်ကျစရိတ်က တခြားသီးနှံတွေထက် များတယ်။ အကျိုးအမြတ်က ထင်သလောက်မရှိဘူး။ စားဆီဈေး တက်နေပေမဲ့ နေကြာက ဒေသမှာ ဖြစ်ထွန်းမှု အရမ်းအားနည်းတယ်။ စပါးစိုက်တာလောက် အဆင်မပြေတဲ့မြေကို နေကြာစိုက်ခိုင်းတာ။ အခုခေတ်ဈေးနဲ့ ကုန်ကျစရိတ်များလို့ မစိုက်တာကို အမျိုးမျိုး ဖိအားပေးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက တောင်သူတွေကို နေကြာစိုက်ဖို့ ဖိအားပေးနေတာကြောင့် ဧရာဝတီတိုင်းမှာ ဒေသခံတွေဟာ မဖြစ်မနေ စိုက်နေကြရတဲ့သူတွေ များတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်သူတွေအနေနဲ့ ဆီထွက်သီးနှံ နေကြာ မစိုက်ပါက ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေတွေကို ထုတ်မချေးဘူးလို့ ခြိမ်းခြောက်နေကြောင်း တောင်သူတွေဆီက သိရပါတယ်။


