
စင်ကာပူရောက် မြန်မာနိုင်ငံသားအချို့ဟာ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) အတုနဲ့ ပတ်စ်ပို့သက်တမ်းတိုးတာ၊ နိုင်ငံသားအဖြစ်က စွန့်လွှတ်ဖို့ ကြိုးပမ်းတာတွေရှိနေတယ်လို့ စစ်ကောင်စီသံရုံးက ဖေဖော်ဝါရီ ၂၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်ဖို့ မှတ်ပုံတင်သုံးပြီး တင်ပြလျှောက်ထားတာကို စိစစ်တွေ့ရှိရင် စင်ကာပူလဝကနဲ့ နယ်စပ်ဂိတ်အာဏာပိုင်အဖွဲ့ (ICA) ဆီ ဆက်သွယ်အကြောင်းကြားသွားမယ်လို့ စစ်ကောင်စီသံရုံးက သတိပေးထားပါတယ်။
ဒါအပြင် အခကြေးငွေယူပြီး မှတ်ပုံတင်အတု ပြုလုပ်ပေးသူကိုလည်း အရေးယူသွားမယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
စင်ကာပူနိုင်ငံက စစ်ကောင်စီသံရုံးအနေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မှတ်တမ်းပြုထားပြီး ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေ မဆောင်ရွက်ပေးတဲ့အတွက် အခုလိုအခြေအနေတွေ ဖြစ်လာရတာလို့ အဲဒီနိုင်ငံရောက် မြန်မာအချို့က ဆိုပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသား တယောက်က “နိုင်ငံရေးလှုပ်ရှားမှုလုပ်နေတဲ့သူတွေက ပစ်မှတ်ထား စောင့်ကြည့်ခံထားရချိန်မှာ အဆင်ပြေသလို ဖြေရှင်းရတာတွေရှိတယ်။ ဒီလိုမှမဟုတ်ရင် ဒီမှာဆက်နေလို့မရတော့ဘဲ စစ်အုပ်စုလက်ထဲရောက်သွားမှာ” လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ ပြီးခဲ့နှစ်ပိုင်းကလည်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပေါ်ပေါ်တင်တင်ပါဝင်ခဲ့သူတွေကို စစ်ကောင်စီသံရုံးက ပတ်စ်ပို့သက်တမ်းတိုးမပေးတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာတွေဆီက သိရပါတယ်။


