Home
မြန်မာသတင်း
အပေါင်ပစ္စည်းမဲ့ ငွေချေးစနစ်ကို SMEs သမားများ မျှော်လင့်
DVB
·
February 24, 2026

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေထုတ်ချေးပေးမဲ့ အပေါင်ပစ္စည်းမလိုတဲ့ ဒစ်ဂျစ်တယ် ချေးငွေစနစ်ကို SMEs လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က MMQR (Myanmar Quick Response) ငွေပေးချေမှုစနစ်ကနေ ရရှိလာမဲ့ Transaction data (ငွေသွင်းငွေထုတ်အချက်အလက်) တွေကို အသုံးပြုပြီး အပေါင်ပစ္စည်းမလိုတဲ့ ဒစ်ဂျစ်တယ်ချေးငွေ (Collateral-free Digital Loan) ကို ထုတ်ချေးမဲ့အကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အပေါင်ပစ္စည်းနဲ့ စာရွက်စာတမ်း မပြည့်စုံတာတွေကြောင့် ဘဏ်ချေးငွေ မရရှိနိုင်ခဲ့တဲ့ အသေးစား၊ အလတ်စား လုပ်ငန်းငယ်လေးတွေအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။

ဗဟိုဘဏ်ရဲ့ ကြေညာထားချက်အရ MMQR အသုံးပြုသူတွေရဲ့ transaction history၊ ငွေဝင်ငွေထွက် တည်ငြိမ်မှု၊ အသုံးပြုမှုကြာချိန်နဲ့ အကြိမ်အရေအတွက် စတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အပေါင်ပစ္စည်းမလိုဘဲ ငွေထုတ်ချေးပေးမှာဖြစ်ကြောင်း သိရပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းရှင်တယောက်က “အဲဒါက အရင်တည်းက K-Pay တို့ ဘာတို့မှာလည်း ရှိတယ်။ merchant အကောင့် လျှောက်ထားတဲ့သူတွေကို ပိုက်ဆံချေးပေးတာပေါ့။ အဲဒါက ဘယ်ပေါ်မူတည်လဲဆိုတော့ အဲဒီအကောင့်ကနေ ပိုက်ဆံ ဘယ်လောက် transaction များလဲ ဆိုတဲ့အပေါ် မူတည်ပြီး ပိုက်ဆံချေးပေးတာပေါ့နော်။၊ ဒါပေမဲ့ ပမာဏက အရမ်းအများကြီးတွေတော့ မဟုတ်ဘူး။ အလွန်ဆုံး ကျပ် သိန်း ၁၀၀ လောက်ပဲ ချေးပေးတာ။ အဓိကကတော့ ကိုယ့်လုပ်ငန်းရဲ့ ရောင်းအားအကုန်လုံးက transaction တွေက သူတို့လက်ထဲမှာပဲ ရှိနေတာလေ။ ရှိနေတော့ ဒီလုပ်ငန်းဟာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိနေလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ ပိုက်ဆံချေးပေးတဲ့ သဘောမျိုးပေါ့။ ကောင်းတာပေါ့၊ အကုန်လုံးက ငွေလိုနေတာဆိုတော့ ဘယ်ကပဲချေးချေး ချေးလို့ရဖို့ အရေးကြီးတာပေါ့။ နောက်တခုက ပုံမှန်အားဖြင့် အာမခံမပါရင် မချေးပေးတာမျိုးတော့ ဒီလိုမျိုး တကယ် transaction မှန်ရင် ချေးပေးတယ်ဆိုတော့ အဆင်ပြေတာပေါ့၊ လှည့်လို့ရတာပေါ့” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ အတိုးနှုန်း၊ ချေးငွေကာလနဲ့ ပြန်ဆပ်ရမဲ့ စည်းမျဉ်းတွေကို တိတိကျကျ ကြေညာထားတာ မရှိသေးဘဲ မူဝါဒနဲ့ framework အဆင့်မှာသာ ရှိနေသေးကြောင်း သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဘဏ်တွေနဲ့ mobile wallet service provider တွေက ထပ်မံထုတ်ပြန်မှာလည်း ဖြစ်ပါတယ်။

လုပ်ငန်းရှင်တယောက်က “တကယ်လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့ ကြေညာချက်ထဲမှာက ဘယ်လောက်အတိုးနှုန်း၊ ချေးငွေကာလ ဒါတွေ မပါတော့ ကျနော့်အနေနဲ့ ပြောရရင် ဖြစ်နိုင်ရင် အတိုးနည်းနည်းနဲ့ ပြန်ဆပ်ကာလ အနည်းဆုံး ၁ နှစ် ၂ နှစ်လောက် ထားပေးနိုင်ရင် SMEs သမားတွေအတွက် ပိုကောင်းတယ်လို့ ထင်တယ်။ သူတို့က MMQR အသုံးပြုပြီး ငွေကြေး ဘယ်လောက်ခိုင်မာလဲ ဆိုတာမျိုး ကြည့်ပြီးမှ ထုတ်ချေးမှာဆိုတော့ ကျနော် ထင်တယ်၊ small business တွေအတွက်က chance နည်းပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုနဲ့ ငွေသားမဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို တွန်းအားပေး ဆောင်ရွက်နေတာနဲ့ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးနေတာတွေဟာ ဗဟိုဘဏ်မှာ ငွေသားပြတ်လပ်နေတာကို ညွှန်းဆိုပြသနေတာဖြစ်ကြောင်း လေ့လာသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

လက်တွေ့မှာတော့ ပြည်သူတွေဟာ အင်တာနက်လိုင်း မကောင်းတာနဲ့ လျှပ်စစ်မီး မမှန်တာတွေကြောင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို လွယ်လင့်တကူ အသုံးပြုနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013