
ရွေးကောက်ပွဲကျင်းပရုံနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖောင်းကက်ကယောက်က ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်က သတင်းထောက်တွေနဲ တွေ့ဆုံချိန် ဝန်ကြီးဆီဟာဆက်က ပြင်သစ်နိုင်ငံ ဥရောပနဲ့ နိုင်ငံခြားရေးဝန်ကြီး ယန်းနိုဝယ်လ်ဘာရူးနဲ့ ဆွေးနွေးခဲ့တဲ့ ရလဒ်အပေါ် အကျဉ်းချုပ် ရှင်းလင်းဖြေကြားခဲ့ချိန်မှာ ခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် များစွာ စိတ်ဝင်စားနေပြီး ထိုင်းနိုင်ငံအနေနဲ့ကတော့ နယ်စပ်လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးကို မြှင့်တင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
နှစ်နိုင်ငံဆွေးနွေးပွဲမှာတော့ အခုနှစ်အတွင်း နှစ် ၁၇၀ ပြည့်မြောက်မဲ့ ထိုင်း-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးအကြောင်းနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးက နည်းပညာကူးပြောင်းမှု ကာလအတွင်း ရောက်ရှိနေချိန် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးကလည်း အဓိကဆွေးနွေးတဲ့ အကြောင်းအရာတခုဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း ပြင်သစ်ရဲ့ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုတဲ့ ဆန္ဒနဲ့ မြန်မာ့အရေးမှာ ထိုင်းနိုင်ငံရဲ့ သံတမန်ရေးအရ ပါဝင်ပတ်သက်မှု မြင့်မားလာမှုကို အသိအမှတ်ပြုမှုအပေါ် ထင်ဟပ်နေတယ်လို့ လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒီခရီးစဥ်မတိုင်ခင်ကလည်း ဖူးခက်မြို့မှာ မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ အမြင်သဘောထားကို ပြင်သစ်က သိရှိလိုတာကြောင့် မေးမြန်းခဲ့တာလို့ ဆိုပါတယ်။
နယ်စပ်ချင်း ထိစပ်နေတာနဲ့ မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုတွေက ထိုင်းပိုင်နက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေတာကြောင့် မြန်မာစစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံမှုကို ရှောင်လွှဲလို့ မရကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေက ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေး ဝါးမှောင်ခိုကူးမှုတွေနဲ့ မြစ်ချောင်းတွေကို ထိခိုက်စေတဲ့ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေအပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်းနဲ ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်မှာ ငြိမ်းချမ်းတည်ငြိမ်ရေးကို အာမခံချက် ရှိစေဖို့နဲ့ နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းနေတယ်ဆိုတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုနေတယ်ဆိုတာတွေကိုတော့ သူက ငြင်းဆိုထားပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမှာဖြစ်ပေမဲ့ တိုးတက်မှုတွေက နှစ်ဦးနှစ်ဖက် အပြန်အလှန်ရှိ ရမှာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Source: Bangkok Post


