
လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနဲ့ ဆက်ဆံရေးဆိုးရွားနေတဲ့ ဒုသမ္မတ ဆာရာဒူတာတေးက ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ကြေညာလိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ဆာရာဒူတာတေးက “ကျမရဲ့ အသက်၊ ခွန်အားနဲ့ အနာဂတ်ကို နိုင်ငံတော်အကျိုးအတွက် ပေးဆပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ မားကို့စ် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေ ကြီးထွားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတုန်းက မားကို့စ်နဲ့ ဆာရာတို့ဟာ မဟာမိတ်ဖွဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် မဟာမိတ် ပြိုကွဲခဲ့ရတာပါ။
အထူးသဖြင့် ဖခင်ဖြစ်သူ သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို ဖမ်းဆီးရာမှာ သမ္မတ မားကို့စ်က ကူညီပေးခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေ ရောက်သွားခဲ့ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးကာလ လူသတ်မှုတွေနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်နဲ့ အဖမ်းခံရတဲ့ သမ္မတဟောင်း ဒူတာတေးဟာ အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး (ICC) မှာ ကနဦး ကြားနာစစ်ဆေးမှု ခံယူရတော့မှာပါ။
လက်ရှိမှာတော့ ဒုသမ္မတ ဆာရာ ကိုယ်တိုင်ဟာလည်း ရန်ပုံငွေအလွဲသုံးစားမှုနဲ့ သမ္မတကို လုပ်ကြံဖို့ ခြိမ်းခြောက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဖြုတ်ချဖို့ စွပ်စွဲပြစ်တင်မှုနဲ့ ကြုံတွေ့နေရပါတယ်။
အခြေခံဥပဒေအရ ဖိလစ်ပိုင်သမ္မတတွေဟာ ၆ နှစ်သက်တမ်း တကြိမ်ပဲ ထမ်းဆောင်ခွင့်ရှိတာ ဖြစ်တဲ့အတွက် မားကို့စ်ဟာ ထပ်ပြိုင်ခွင့် မရှိတော့ပါဘူး။
Source: Reuters


